အောက်တိုဘာ ၂၅ ရက်နေ့ မှုခင်းသတင်းများ

-အောက်တိုဘာ ၂၄ ရက် ၁၅၁၀ နာရီတွင် နောင်ချိုမြို့၊ ဈေးရပ်ကွက်နေ နိုင်နိုင်ဦး(၂၇)နှစ်သည် မော်တော်ယာဉ်ဖြင့် တရုတ်နိုင်ငံသား ၂ ဦးအား တင်ဆောင်၍ လားရှိုးမြို့မှ မန္တလေးမြို့သို့ ပို့ဆောင်ရန်ထွက်ခွာလာခဲ့ရာ သီပေါမြို့အထွက် သံတံတားအနီးသို့ ရောက်ရှိစဉ် အကြမ်းဖက်အဖွဲ့မှ လက်နက်ငယ်ဖြင့် ၁ ချက် ပစ်ခတ်ခဲ့ရာ တရုတ်နိုင်ငံသား ၁ ဦးတွင် နောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-အောက်တိုဘာ ၂၄ ရက် ၁၂၃၀ နာရီတွင် စစ်ကိုင်းမြို့နယ်၊ အုန်းတော(မြောက်)ကျေးရွာနေ ဦးစိုင်းသူရ(ခ)ကုလား(၃၃)နှစ်သည် အုန်းတော(မြောက်)ကျေးရွာရှိ “ရွှေလမ်းဆုံ”လက်ဖက်ရည်ဆိုင်၌ လက်ဖက်ရည်သောက်နေစဉ် အကြမ်းဖက်သူ ၁ ဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ပစ်ခတ်ခဲ့သဖြင့် ဦးစိုင်းသူရ(ခ)ကုလားတွင် ယာနားထင် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-အောက်တိုဘာ ၂၄ ရက် ၁၃၁၅ နာရီတွင် မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ သမ္မစိတ္တလမ်းဘေးရှိ “စွမ်းရည်ထက်”စက်သုံးဆီဆိုင်သို့ အကြမ်းဖက်သူ ကျား ၃ ဦး၊ မ ၁ ဦး၊ ပေါင်း ၄ ဦး ရောက်ရှိလာပြီး ဆီဆိုင်အတွင်းဝင်ရောက်၍ အရောင်းတာဝန်ခံ ဒေါ်ဥမ္မာ(၅၃)နှစ်၊ မုံရွာတောင်ရပ်ကွက်နေသူအား ခြိမ်းခြောက် ပြောဆို၍ ဖမ်းဆီးကာ လယ်ဇင်ကျေးရွာဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ “စွမ်းရည်ထက်”စက်သုံးဆီဆိုင် ပိုင်ရှင်မှာ ဦးဝင်းလှိုင်၊ အောင်မင်္ဂလာရပ်ကွက်၊ မုံရွာမြို့နေသူဖြစ်ပြီး အကြမ်းဖက်သူများမှ ခြိမ်းခြောက်ငွေကြေး တောင်းခံနိုင်ရန်အတွက် ဒေါ်ဥမ္မာအား ပြန်ပေးဆွဲသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရ။

-အောက်တိုဘာ ၂၄ ရက် ၁၅၁၅ နာရီတွင် တောင်သာမြို့နယ်၊ ဝဲလောင်ကျေးရွာတွင် နေထိုင်သော ဦးတင်ထွန်းနိုင်(၅၀)နှစ်သည် တောင်သာမြို့သို့ ဈေးဝယ်ယူရန်အတွက် ဆိုင်ကယ်ဖြင့် တစ်ဦးတည်းသွားရောက်ခဲ့ရာ အရှေ့မကျီးပင်ကျေးရွာ၊ တောင်သာ-ကျောက်ပန်းတောင်း သွားကားလမ်းသို့ အရောက်တွင် (စိစစ်ဆဲ) ကျား ၃ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် နောက်မှလိုက်ပါ၍ လက်နက်ငယ်ဖြင့် ၆ ချက်ခန့်ပစ်ခတ်ခဲ့ရာ ဦးတင်ထွန်းနိုင်တွင် ယာလက်ကောက်ဝတ်၊ ဝဲလက်မောင်းကျည်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့သဖြင့် တောင်သာမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရ။

-အောက်တိုဘာ ၂၄ ရက် ၁၅၃၀ နာရီတွင် ငါန်းဇွန်မြို့နယ်၊ လမ်းဦးစီးဌာနမှ လမ်းဦးစီးအရာရှိ(မြို့ပြ) ဦးဝင်းဆန်းဦး(၅၅)နှစ်နှင့် စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး(ငြိမ်း) ဦးမြင့်အောင်(၆၄)နှစ်တို့ ၂ ဦးသည် မော်တော်ယာဉ်ဖြင့်  ငါန်းဇွန်မြို့သို့ ပြန်လာစဉ် မြင်းခြံမြို့နယ်၊ တူရွင်းဘို့ကျေးရွာအနီးသို့ အရောက်တွင် PDF အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)သည် လက်နက်ငယ်များဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးဝင်းဆန်းဦးတွင် နောက်စေ့၊ နဖူး၊ ပါးစပ်ပွင့်ထွက် ဒဏ်ရာ၊ ဝဲပုခုံး၊ လည်ပင်း ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဦးမြင့်အောင်တွင် လည်ဂုတ်၊ နဖူး၊ ဝဲနားထင်ကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံး သွားခဲ့ကြောင်း သိရှိရ။

-အောက်တိုဘာ ၂၄ ရက် ၁၇၅၀ နာရီတွင် ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ထိန်တော ကျေးရွာနေ ဦးအောင်ဇော်လတ် (၄၂)နှစ်အား PDF အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) ၆ ဦးသည် ဆိုင်ကယ် ၃ စီးဖြင့် လာရောက်ဖမ်းဆီး၍ ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့၊ ကင်ပွန်းချုံကျေးရွာဘက်သို့ ခေါ်ဆောင်သွား ခဲ့ကြောင်း သိရှိရ။

-အောက်တိုဘာ ၂၄ ရက် ၁၂၃၀ နာရီတွင် မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၊ ရပ်ကွက်(၂)နေ ဦးနော်လီ(၃၄)နှစ်သည် မြို့အထွက်ရှိ လယ်ကွင်း၌ စပါးရိတ်သိမ်းနေစဉ် လယ်ကွင်းဘေးချုံအစပ်သို့ သွားရောက်ခဲ့ရာ  PDF အကြမ်းဖက်အဖွဲ့မှ ထောင်ထားသည့် လက်လုပ်နင်းမိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့ရာ ဝဲ/ယာခြေသလုံး၊ ဝဲလက်ဖျံ၊ ကျားအင်္ဂါ မိုင်းစထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရ။