အိန္ဒိယက ရုရှားနှင့်ကုန်သွယ်မှုအချို့အတွက် ရူပီးငွေကြေးကို စတင်အသုံးပြုမည်

အိန္ဒိယနိုင်ငံအနေဖြင့်  ဒီဇင်ဘာ ၁၉ ရက်မှစ၍ ရုရှားနိုင်ငံနှင့်ကုန်သွယ်မှုအချို့တွင် ရူပီးငွေကြေးကို စတင် အသုံးပြုသွားမည်ဖြစ်ကြောင်း အိန္ဒိယပို့ကုန်တင်ပို့မှု အဖွဲ့အစည်းများအသင်း ညွှန်ကြားရေးမှူးချုပ် အာဂျေးဆာဟေးက ပြောသည်။

ကိစ္စအများအပြားကိုတော့   နှစ်ဖက်ညှိနှိုင်းဖြေရှင်းပြီးပါပြီ။ ပို့ကုန်တင်ပို့သူများနဲ့သွင်းကုန်တင်သွင်းသူများက ရူပီးငွေသားသုံးအကောင့်များဖွင့်လှစ်နိုင်ဖို့ ဘဏ်တွေနဲ့ ဆက်သွယ်ဆောင်ရွက်နေပါတယ် ဟု အာဂျေးဆာဟေးက ပြောသည်ဟု အိန္ဒိယသတင်းစာတစ်စောင်ကဖော်ပြထားသည်။

လက်ရှိအချိန်တွင် ရုရှားနှင့်ရူပီးငွေသားအသုံးပြုကုန်သွယ်ရာ၌ အဆင်ပြေချောမွေ့စေရေးအတွက် အိန္ဒိယဘဏ်ငါးဘဏ်မှ ခြောက်ဘဏ်အထိကို   ခွင့်ပြုထားပြီးဖြစ်ကြောင်း အစိုးရသတင်းအရင်းအမြစ်များ ကပြောသည်။

အိန္ဒိယနိုင်ငံက ရုရှားနိုင်ငံနှင့်ကုန်သွယ်ရေးကို     ယခုထက်နှစ်ဆတိုးမြှင့်နိုင်ရေးအတွက် ပြင်ဆင်ထားကြောင်း စက်တင်ဘာလအတွင်း နှစ်နိုင်ငံကြား အဆင့်မြင့်အရာရှိကြီးများ၏ ဆွေးနွေးပွဲရလဒ်ကို  ကိုးကား၍ The Indian Expressသတင်းဌာနက နိုဝင်ဘာလတွင် ဖော်ပြထားပြီးဖြစ်သည်။

အဆိုပါနှစ်နိုင်ငံကြားကုန်သွယ်မှုပမာဏသည် ယခုနှစ်အတွင်း သိသိသာသာ မြင့်တက်ခဲ့ရာ အထူးသဖြင့် ရုရှားနိုင်ငံမှ ရေနံစိမ်းကို အိန္ဒိယနိုင်ငံက   ပိုမိုတင်သွင်းလာခြင်း ဖြစ်သည်။

ယခင်က ရုရှားနိုင်ငံသည် အိန္ဒိယနိုင်ငံက တင်သွင်းသော ရေနံစိမ်းပမာဏစုစုပေါင်းအနက် ၁ ရာခိုင်နှုန်းမျှကိုသာ ရောင်းချနိုင်ခဲ့ရာမှ   ယခုအခါ ၂၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ရောင်းချလာနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

Ref: Sputnik

နိုင်ငံတကာသတင်း