အပြည်ပြည်ဆိုင်ရာ ရေတပ်စစ်ရေယာဉ်များတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော စစ်ရေယာဉ်(ကျန်စစ်သား) ပြန်လည်ရောက်ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)ရှိ Inani ကမ်းခြေတွင် ဒီဇင်ဘာလ ၅ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာ ရေတပ်စစ်ရေယာဉ်များတွေ့ဆုံပွဲ International Fleet Review-2022 (IFR-2022) သို့တက်ရောက်ခဲ့သည့် ဗိုလ်မှူးကြီး သိန်းစိုး ဦးဆောင်လိုက်ပါသွားသော ဒုံးပျံတင် ဖရီဂိတ်စစ်ရေယာဉ်(ကျန်စစ်သား)သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ အမှတ် (၃)ရေတပ်ဆိပ်ခံတံတား (သီလဝါ)သို့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်.

အပြည်ပြည်ဆိုင်ရာရေတပ်စစ်ရေယာဉ်များ တွေ့ဆုံပွဲ(IFR-2022) ဖွင့်ပွဲအခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဝန်ကြီးချုပ် တက်ရောက်ခဲ့ပြီး၊ မြန်မာ့တပ်မတော်(ရေ)မှ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် နိုင်မင်းကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့်အတူ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ အဆင့်မြင့်ရေတပ်အရာရှိကြီးများ၊ နိုင်ငံတကာ ရေတပ်များ၊ ဒေသတွင်းရေတပ်များနှင့် အိမ်နီးချင်းရေတပ်များမှ စစ်ရေယာဉ်များ စုပေါင်းတက်ရောက်ခဲ့ကြပါတယ်။

အဆိုပါအခမ်းအနားတွင် ဒုံးပျံတင်ဖရီဂိတ်စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့် လိုက်ပါခဲ့သော တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များသည် နိုင်ငံတကာတပ်ဖွဲ့ဝင် များနှင့်အတူ အပြည်ပြည်ဆိုင်ရာ ရေတပ်စစ်ရေယာဉ်များ တွေ့ဆုံပွဲ (IFR-2022) ဖွင့်ပွဲ အခမ်းအနားတက်ရောက်ခြင်း၊ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခြင်း၊ နိုင်ငံတကာ တပ်ဖွဲ့ဝင်များနှင့်အတူ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ စစ်ရေယာဉ်များနှင့်အတူ ပုံပြုချီတက်မောင်းနှင်ခြင်း၊ နိုင်ငံတကာရေကြောင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခြင်း၊ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်တွေ့ဆုံခြင်း၊ ကမ္ဘာ့အင်အားကြီးရေတပ်များ၊ ဒေသတွင်းရေတပ်များ၏ စစ်ရေယာဉ်များနှင့်အတူ သရုပ်ပြပုံပြုမောင်းနှင်ခြင်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ယခုသွားရောက်ခဲ့သောခရီးစဉ်သည် မြန်မာ့တပ်မတော်(ရေ)၏ စွမ်းဆောင်နိုင်မှုအား ဖော်ထုတ်ပြသ နိုင်ခဲ့ရုံသာမက နိုင်ငံတကာရေတပ်များ၊ ဒေသတွင်း ရေတပ်များနှင့် အိမ်နီးချင်း ရေတပ်များအကြား တပ်မတော်(ရေ) အင်ဂျင်နီယာများ ၏စွမ်းအားနှင့် ကိုယ်တိုင်ဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့သော ဒုံးပျံတင်ဖရီဂိတ် စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့် ရေမိုင် ၁,၄၅၆ မိုင်ကို သွားရောက်ခဲ့ပြီး သံတမန်ရေးရာကဏ္ဍဆောင်ရွက်မှုများကိုလည်း အောင်မြင်စွာ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။