ရုရှားအပေါ်အရေးယူပိတ်ဆို့မှုများက ကိုယ့်ရှူးကိုယ်ပတ်ဖြစ်မည်ဟု သြစတြီးယားသတိပေး

အနောက်နိုင်ငံများက ရုရှားနိုင်ငံအပေါ် ချမှတ်သော အရေးယူပိတ်ဆို့မှုများသည် ကိုယ့်ရှူးကိုယ်ပတ်ဖြစ်စေမည် ဖြစ်ကြောင်း သြစတြီးယားဒုတိယဝန်ကြီးချုပ်ဟောင်းက သတိပေးထားသည်။

အဆိုပါအရေးယူပိတ်ဆို့မှုများသည် ရုရှားနိုင်ငံ၏စီးပွားရေးအပေါ်ထိခိုက်စေမည့်အစား နောက်ဆုံးတွင် ဥရောပနိုင်ငံများကိုသာ အထိနာစေမည်ဖြစ်ကြောင်း သြစတြီးယားဒုတိယဝန်ကြီးချုပ်ဟောင်း ဟိုင်းခရစ္စတီယန်စထရေ့က ဒီဇင်ဘာ ၁၀ ရက်တွင် ပြောသည်။

ထို့ပြင် ဥရောပသမဂ္ဂမှအကြီးအကဲများအနေဖြင့် ဒွန်းဘတ်ဒေသတွင် ဖြစ်ပွားနေသော လူသေဆုံးမှုများသည့် တိုက်ခိုက်မှုများအပေါ် မျက်စိမှိတ်ကာ လျစ်လျူရှုထားကြောင်း၊ ဒွန်းဘတ်ဒေသ အရေးအခင်းသည် လက်ရှိပဋိပက္ခ ဖြစ်ပွားစေရေးအတွက် နှစ်ပေါင်းများစွာကြာကတည်းက ရှေ့ပြေး နိမိတ်ဖြစ်ကြောင်း ၎င်းင်းကဆက်ပြောသည်။

အလားတူ ရုရှားအပေါ်အရေးယူပိတ်ဆို့မှုများတွင် သြစတြီးယားနိုင်ငံပါဝင်နေခြင်းက ကိုယ့်ကိုယ်ကိုယ်  ဒဏ်ရာအနာတရဖြစ်အောင်လုပ်ဆောင်ခြင်းနှင့်  သဏ္ဌာန်တူကြောင်း၊ ထိုသို့ပိတ်ဆို့မှုများသည် လျှပ်စစ် မီတာခနှင့်သဘာဝဓာတ်ငွေ့ ဈေးနှုန်းများကို မြင့်တက်စေမည်ဖြစ်ကြောင်းနှင့်   ထိုအကျိုးရလဒ်ကို ပြည်သူများကသာ ခံစား ရမည်ဖြစ်ကြောင်း   ဒုတိယဝန်ကြီးချုပ်ဟောင်းက သတိပေးထားသည်။

ထို့ပြင် ယခုအတိုင်းသာဆက်သွားမည် ဆိုပါက  လာမည့်နှစ်မတ်လနှင့် ဧပြီလတို့တွင် စီးပွားရေးလုပ်ငန်း အများအပြားအနေဖြင့် လူမွဲစာရင်းခံယူခြင်းနှင့် ဒေဝါလီခံခြင်းတို့ကို   မလွဲမသွေကြုံရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအတွင်း အထူးစစ်ဆင်ရေးစတင်ပြီးနောက် အနောက်အုပ်စုက ရုရှားနိုင်ငံအပေါ် ပြင်းထန်သောအရေးယူပိတ်ဆို့မှုများချမှတ်ခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် ရုရှား၏စွမ်းအင်တင်ပို့မှုအပေါ် အဓိကပစ်မှတ်ထားကာ ပိတ်ဆို့မှုများချမှတ်ခြင်း ဖြစ်သည်။

သို့သော် အနောက်အုပ်စု၏အရေးယူ ပိတ်ဆို့မှုများကြောင့် ရုရှားနိုင်ငံအနေဖြင့် စွမ်းအင်ကဏ္ဍမှ ရရှိနေသော အမြတ်ငွေများ လျော့ပါးသွားခြင်းမရှိသည့်အပြင် ကမ္ဘာ့ဈေးကွက်အတွင်းရေနံဈေးနှုန်းမြင့်တက်ခြင်းကြောင့် ၎င်းတို့၏ အမြတ်ငွေပမာဏလည်း တိုးမြင့်လာကာ ဥရောပဒေသမှာမူ စွမ်းအင်အကျပ်အတည်းနှင့် ရင်ဆိုင်လိုက်ရကြောင်း သိရသည်။

Ref: RT

နိုင်ငံတကာသတင်း