၂၀၂၂ခုနှစ်အဘိဓမ္မာ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကျင်းပမည်။


ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက နှစ်စဥ်ကျင်းပမြဲဖြစ်သော အဘိဓမ္မာ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၁၁ရက်နေ့အထိ ခွင့်ပြုထားသော စာဖြေဌာနတို့၌ တစ်ပြိုင်နက်တည်းကျင်းပမည်ဖြစ်သည်။ အဘိဓမ္မာ ရိုးရိုး အဘိဓမ္မာ ဂုဏ်ထူးဆောင် စာမေးပွဲများကို အစိုးရ ပထမငယ်တန်း သို့မဟုတ် ၎င်းနှင့်အလားတူစာမေးပွဲအောင်မြင်ခြင်းမရှိသေးသော သီလရှင်များနှင့်လူပုဂ္ဂိုလ်များသာ ဖြေဆိုခွင့်ရှိသည်။ အဘိဓမ္မာ ရိုးရိုးအောင်မြင်ပြီးသူများသည် အဘိဓမ္မာ ဂုဏ်ထူးဆောင်စာမေးပွဲကိုဖြစ်စေ ဝိသုဒ္ဓိမဂ်စာမေးပွဲကိုဖြစ်စေ ဖြေဆိုနိုင်သည်။ ဝိသုဒိမဂ်စာမေးပွဲကို အစိုးရ ပထမကြီးတန်း၊ ဓမ္မာစရိယတန်း သို့မဟုတ် ၎င်းနှင့်အလားတူ စာမေးပွဲများ အောင်မြင်ခြင်းမရှိသေးသော သီလရှင်များနှင့် လူပုဂ္ဂိုလ်များသာ ဖြေဆိုခွင့်ရှိသည်။ အဘိဓမ္မာဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲတွင် တစ်ဆင့်ဖြစ်စေ နှစ်ဆင့်ဖြစ်စေ သုံးဆင့်ဖြစ်စေ နှစ်ချင်းပေါက် ဖြေဆိုခွင့်ရှိသည်။ ယခင်က သုံးဆင့်လုံးမအောင်မြင်သေးသူများအနေဖြင့် သုံးဆင့်လုံးကို နှစ်ချင်းပေါက် ထပ်မံဖြေဆိုခွင့်ရှိသည်။ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို သက်ဆိုင်ရာစာဖြေဌာနတည်ရှိရာ နေပြည်တော်တိုင်းဒေသကြီး/ပြည်နယ်ရှိ သံဃမဟာနာယက ရုံးများသို့ အချိန်မီပေးပို့ထားမည်ဖြစ်၍ အဆိုပါရုံးများတွင် စာမေးပွဲဖြေဆိုရက်မတိုင်မီ ထုတ်ယူနိုင်ပါကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။