မိုးကြိုကာလအတွင်း လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်နိုင်

မိုးကြိုကာလအတွင်း လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းဖြစ်စဉ်များ ဖြစ်ပေါ်နိုင်၍ သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားကြောင်းသိရပါတယ်

မိုးကြိုကာလဖြစ်သည့် မေလမှ မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေ မဝင်ရောက်မီကာလအတွင်း လေထုမငြိမ်မသက်မှုများ နှင့် နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များ ဖြစ်ထွန်း၍ မွန်းလွဲပိုင်း၊ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းခြင်းကြောင့် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီး ကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ် နိုင်ပါသည်။

လေပြင်းတိုက်ခတ်စဉ် မြေပြင်နှင့် ရေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀)မှ မိုင် (၅၀)အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။

“တစ်ပြည်လုံးလိုလိုမှာတော့ ဖြစ်နိုင်တဲ့ အခြေအနေရှိတယ်။မေလ ၁ ရက်ကနေ မုတ်သုံမဝင်ရောက်မှီ ကာလဖြစ်တဲ့ မိုးကြိုကာလ၊ လေထုမငြိမ်သက်မှုဖြစ်စဉ်တွေ၊ အပူပျံတက်တိမ်တွေကြောင့် မိုးတိမ်တောင်တွေဖြစ်တာတွေက တစ်ပြည်လုံးလိုလိုမှာတော့ ဖြစ်နိုင်တယ်။ အဖြစ်အများဆုံး ဖြစ်နိုင်တဲ့ နေရာတွေကတော့ မြန်မာနိုင်ငံ အလယ်ပိုင်းတို့ ၊ တောင်ပိုင်းတို့က တော့ အဖြစ်များနိုင်တာပေါ့။ ကျန်တဲ့နေရာတွေကတော့ ဖြစ်တော့ဖြစ်မယ်”ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက NP News ကို ပြော သည်။

ပြည်သူများအနေဖြင့် မိုးကြိုကာလဖြစ်သည့် မေလမှ မြန်မာနိုင်ငံသို့ အနောက် တောင်မုတ်သုံလေ မဝင်ရောက်မီကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်သွားကြပါရန် အသိပေးထုတ်ပြန်ထားသည်။

ထို့ပြင် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ရေကြောင်း ခရီးစဉ်များအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးဇလမှ အသိပေးထုတ်ပြန်ထားသည်။ မေလ(၂၁)ရက်နောက်ပိုင်းတွင် မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ မုတ်သုံစတင်ဝင်ရောက်နိုင်ပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့၌ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် မေလ ၁ ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းခဲ့ကြောင်း သိရသည်။