ဇန်နဝါရီလ ၂၃ ရက်နေ့ မှုခင်းသတင်းများ

-ဇန်နဝါရီလ ၂၂ ရက် ၁၉၅၀ နာရီတွင် ဘီးလင်းမြို့နယ်၊ ဇွဲကလာကျေးရွာနေ ဦးဉာဏ်သိန်း(ခ)ဦးပေါ(၆၆)နှစ်၊ တောင်သူ လုပ်ကိုင်သူသည် ၎င်းပိုင် Honda Fit (အဖြူရောင်)မော်တော်ယာဉ်ဖြင့် ဇုတ်သုတ်ကျေးရွာဘက်မှ ဇွဲကလာ ကျေးရွာရှိ ၎င်း၏နေအိမ်သို့ ပြန်လာစဉ် နေအိမ်အနီးရောက်ရှိစဉ် PDF အကြမ်းဖက်အဖွဲ့ အမျိုးသား ၂ ဦး လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးဉာဏ်သိန်း(ခ)ဦးပေါ သည် ဝဲရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ယာရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ရင်ညွန့်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးခဲ့။

-ဇန်နဝါရီလ ၂၂ ရက် ၀၈၄၅ နာရီတွင် တောင်သာမြို့နယ်၊ တစ်မိုက်သာကျေးရွာနေ ဦးစန်းလွင်(၅၅)နှစ်၊ တောင်သူလုပ်ကိုင် သူသည် ၎င်း၏နေအိမ်၌ တစ်ရွာတည်းနေ ဇင်ကိုအောင်(၂၃)နှစ်၊ ကျပန်းလုပ်ကိုင်သူနှင့်အတူ စကားပြောနေစဉ် အကြမ်းဖက်သမား ၂ ဦးမှာ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးစန်းလွင်တွင် ယာဘက်ရင်ညွှန့် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဝမ်းဗိုက်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာပေါင်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(သေဆုံး)နှင့် ဇင်ကိုအောင်တွင် ယာပေါင်ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)တို့ ရရှိခဲ့။

-ဇန်နဝါရီလ ၂၂ ရက် ၁၁၃၀ နာရီတွင် နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းအုပ်စု၊ ဆီဆုံကုန်းကျေးရွာတွင် နေထိုင်သော ဦးအုန်းမြင့် (၅၇)နှစ်သည် နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၆ ဦးခန့်မှ သေနတ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ သောကြောင့် ဦးအုန်းမြင့်၌ ရင်ဘတ်ထိမှန်ဒဏ်ရာ ၂ ချက်၊ ဝဲနားထင်ထိမှန်ဒဏ်ရာ ၁ ချက်တို့ဖြင့် ဖြစ်စဉ်နေရာ၌ သေဆုံးခဲ့။

-ဇန်နဝါရီလ ၂၂ ရက် ၁၂၅၅ နာရီတွင် မြိုင်မြို့နယ်၊ သရက်ကွကျေးရွာရှိ ပြည်သူ ၁၀ ဦးတို့သည် ကျေးရွာအနောက်မြောက်ဘက် မီတာ ၂၀၀ ခန့်အကွာရှိ သောက်သုံးရေကန်မှ ကျေးရွာအတွင်းသို့ သွယ်တန်းထားသော ရေပိုက်လိုင်းအား အကြမ်းဖက် သမားများမှ ဖျက်ဆီးထားခြင်း ရှိ/မရှိ သွားရောက်စစ်ဆေးရန် ကျေးရွာမှထွက်ခွာခဲ့ရာ PDF အကြမ်းဖက်အဖွဲ့မှထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့ရာ ဒေါ်ခိုင်ခိုင်မော်(၃၇)နှစ်၊ မှီခို၊ ယာခြေသလုံးပြတ်ထွက်ဒဏ်ရာ(သေဆုံး)၊ ဦးစိန်လင်း (၃၈)နှစ်၊ တောင်သူ၊ ယာမျက်ခုံး၊ အောက်နှုတ်ခမ်း မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ ဦးထွန်းမြင့် (၅၅)နှစ်၊ တောင်သူ၊ ဝမ်းဗိုက်၊ ယာလက်ကောက်ဝတ်မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ ဒေါ်ခင်စန်း(၃၈)နှစ်၊ မှီခို၊ ဝဲ/ယာပေါင်၊ ယာခါးမိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရ။

-၀၈၄၀ နာရီတွင် ကျောက်ဆည်မြို့နယ်၊ ပြည်ပန်းကျေးရွာအနီး၊ ရန်ကုန်-မန္တလေးကားလမ်းနှင့် မြို့ရှောင်လမ်းဆုံ၌ အကြမ်းဖက်သမားများမှ လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွားခဲ့ရာ လမ်းယာဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောက်ဆည်မှ ပြည်ပန်းကျေးရွာဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် ဦးတင်စိုး(၅၆)နှစ်၊ သပြေကုန်းကျေးရွာ၊ ကျောက်ဆည်မြို့နယ်နေသူတွင် နားထင် မိုင်းစရှပ်ထိဒဏ်ရာ ၁ ချက်၊ ယာဆီးအိမ်မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့။