ပြည်သူ့ဆေးရုံကြီးများ၌ ပြင်ပလူနာကြည့်ရှုမှုအချိန် တိုးမြှင့်ထားကြောင်းထုတ်ပြန်

အထူးကုဌာနများ ဖွင့်လှစ်ထားရှိသော ခုတင်(၁၀၀)နှင့်အထက် ပြည်သူ့ဆေးရုံများတွင် ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ ကြည့်ရှုကုသပေးသည့် အထူးကုပြင်ပလူနာဌာန ကြည့်ရှုမှုအချိန်ကို ၂၀၂၃ ခုနှစ် ဩဂုတ်မှစတင်၍ တိုးမြှင့်ဆောင် ရွက်ပေးလျက်ရှိပြီး ယခင်ကနံနက်ပိုင်းသာ ကြည့်ရှုကုသပေးနိုင်ရာမှ ယခုအခါ မွန်းလွဲပိုင်းအထိ တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျန်းမာ​ရေးဝန်ကြီးဌာနမှ ပြောဆိုထားသည်။

ပြည်သူများအနေဖြင့် အထူးကုဆရာဝန်ကြီးများနှင့် ပြသလိုပါက ဒေသန္တရဆေးခန်းများ၊ မြို့နယ်ပြည်သူ့ဆေးရုံများ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများမှတစ်ဆင့် ရောဂါအမျိုးအစားအလိုက် အထူးကုပြင်ပ လူနာဌာနများသို့ ညွှန်းပို့သည့်စာ(referral letter)နှင့်အတူ ပြသနိုင်ပြီး အထူးကုပြင်ပလူနာဌာနများတွင် နေ့ရက်၊ အချိန်မှန်ကန်စွာ ပြသနိုင်ရေးအတွက် လာရောက်ပြသခြင်းမပြုမီ မိမိတို့ပြသလိုသော ဆေးရုံကြီးများ၏ အထူးကုပြင်ပလူနာ အချိန်ဇယားကို ကြိုတင်သိရှိရန် လိုအပ်ကြောင်းနှင့် ပြည်သူ့ဆေးရုံကြီးများ၏ အထူးကု ပြင်ပလူနာအချိန်ဇယားကို သက်ဆိုင်ရာဆေးရုံကြီးများတွင် အများပြည်သူ အလွယ်တကူသိရှိနိုင်အောင် Vinyl/board များဖြင့် ကြေညာထားခြင်း၊ ကုသရေးဦးစီးဌာန Website စာမျက်နှာ www.doms.gov.mm ၌ ဖော်ပြထားခြင်းတို့ကို ဆောင်ရွက်ထားရှိသည်ဟုလည်း ပြောဆိုထားသည်။

PAN