ဥရောပတွင် အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်ခဲ့သည့် IS အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်တစ်ဦး ချေမှုန်းခံရ

ဥရောပဒေသတွင် အကြမ်းဖက် တိုက်ခိုက်မှုများကို လုပ်ဆောင်ရန်စီစဉ်ခဲ့သည့် IS အကြမ်းဖက်အဖွဲ့မှ ခေါင်းဆောင်တစ်ဦးကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း အမေရိကန် စစ်ဘက်က ဧပြီ ၄ ရက်တွင် ထုတ်ပြန်သည်။

ISအဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ခါလစ်အစ်အာမက်အယ်လ်ဂျာဘူရီအား ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် ဧပြီ ၃ ရက်က ပြုလုပ်ခဲ့သည့် လေကြောင်း တိုက်ခိုက်မှု တစ်ရပ်အတွင်း ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ဥရောပနိုင်ငံများတွင် တိုက်ခိုက်မှုများ လုပ်ဆောင်ရာတွင် စီစဉ်ခဲ့သူဖြစ်ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်သည်။ သို့ရာတွင် ဂျာဘူရီ အား မည်သည့်နေရာတွင် ချေမှုန်းခဲ့ခြင်း ဖြစ်ကြောင်းကို အတိအကျ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

IS အကြမ်းဖက်အဖွဲ့သည် ၂၀၁၉ ခုနှစ် တွင် ဆီးရီးယားရှိ ၎င်းတို့၏ နောက်ဆုံး ခြေကုပ်စခန်းကို စွန့်လွှတ်ခဲ့ရပြီး အင်အား ချည့်နဲ့သွားခဲ့သော်လည်း အရှေ့အလယ်ပိုင်း ဒေသနှင့် အခြားဒေသများတွင် အကြမ်းဖက် တိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင် နိုင်ဆဲဖြစ်ကြောင်း၊ ယခုအခါ ဂျာဘူရီအား သတ်ဖြတ်နိုင်ပြီဖြစ်သောကြောင့် အကြမ်း ဖက်စစ်သွေးကြွအဖွဲ့၏ တိုက်ခိုက်မှုများကို ယာယီရပ်တန့်နိုင်မည်ဖြစ်ကြောင်း  ဗဟိုစစ် ဌာနချုပ်၏ အကြီးအကဲ မိုက်ကယ်ကူရီလာ ကပြောသည်။