ဟားမတ်စ်အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် အစ္စရေးတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံး

ဟားမတ်စ်အကြမ်းဖက်အဖွဲ့ရဲ့အမာခံနယ်မြေလို့ သတ်မှတ်ထားတဲ့ ဂါဇာမြို့အနီး ရှူဂျားယာမြို့က အိမ်ခြံဝင်း တစ်ခုထဲကို ဒီဇင်ဘာလ ၁၂ ရက်နေ့ညနေပိုင်းမှာ အစ္စရေးတပ်ဖွဲ့တွေဝင်ရောက်ရှင်းလင်းစဉ် ဟားမတ်စ်အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် အစ္စရေးတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။

တပြိုင်တည်းမှာ အင်္ဂါနေ့ကဖြစ်ပွားခဲ့တဲ့ ဂါဇာမြောက်ပိုင်းက တိုက်ပွဲတစ်ခုမှာလည်း ဆယ်ယောက်မြောက် အစ္စရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့တယ်လို့ဆိုပါတယ်။

ရှူဂျားယာမြို့တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့သူတွေထဲမှာ ဗိုလ်မှူးကြီးတစ်ဦး၊ ဒုတိယဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်မှူး ၃ ဦး၊ ဗိုလ်ကြီး တစ်ဦးနဲ့ တပ်ကြပ်ကြီး သုံးဦးပါဝင်ပါတယ်။ ဂါဇာကမ်းမြောင်ဒေသကို မြေပြင်ထိုးစစ်စတင်ကတည်းက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေထဲမှာ ကျဆုံးခဲ့တဲ့ အစ္စရေး တပ်ဖွဲ့ဝင်တွေထဲမှာ အခုတိုက်ပွဲမှာကျဆုံးတဲ့ အသက် ၄၄ နှစ်အရွယ် ဒုတိယဗိုလ်မှူးကြီး ဘန်းဘေးဆတ်က ရာထူး/အဆင့် အမြင့်ဆုံး အရာရှိဖြစ်တယ်လို့ Times က ပြောပါတယ်။

ဒုတိယဗိုလ်မှူးကြီး ဘန်းဘေးဆတ်ဟာ မူလက အငြိမ်းစားယူဖို့ ပြင်ဆင်နေသူဖြစ်ပြီး အစ္စရေးတောင်ပိုင်းကို အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်မှာ အငြိမ်းစားယူမယ့် အစီအစဉ်ကိုပယ်ဖျက်ပြီး ပြန်လည်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

အင်္ဂါနေ့ ဂါဇာမြောက်ပိုင်းက တိုက်ပွဲတစ်ခုမှာ ဟားမတ်စ်အဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့် တိုက်ခိုက်ရေးအင်ဂျင်နီ ယာတပ်ရင်းက တပ်ကြပ်ကြီးတစ်ဦးလည်း ကျဆုံးခဲ့ပါတယ်။ စစ်ပွဲအတွင်း ကျဆုံးခဲ့တဲ့ အစ္စရေးတပ်ဖွဲ့ဝင်ဦးရေ ၁၁၅ ဦး ရှိသွားပြီလို့ဆိုပါတယ်။