အမေရိကန်ရဲ့လုပ်ရပ်ကို မြောက်ကိုရီးယားအစိုးရ ပြစ်တင်ရှုတ်ချ

ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ပေးခဲ့တဲ့အတွက် အမေရိကန်ကို မြောက်ကိုရီးယားအစိုးရက ပြစ်တင်ဝေဖန်ခဲ့တယ်လို့ မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ကို ကိုးကားပြီး KCNA သတင်းဌာနက ဧပြီလ(၂၉)ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အမေရိကန်ဟာ ရုရှားတပ်ဖွဲ့တွေကို တိုက်ထုတ်ရာမှာ အသုံးပြုဖို့အတွက် တာဝေးပစ်ဒုံးကျည်တွေကို ယူကရိန်းကိုလျှို့ဝှက်ပေးပို့ခဲ့တယ်လို့ အမေရိကန်အရာရှိတစ်ဦးက ဧပြီလ(၂၄)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနရဲ့နိုင်ငံခြားရေးဌာနညွှန်ကြားရေးမှူးက “အမေရိကန်ဟာ ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ လျှို့ဝှက်ပေးပို့ခဲ့တာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့မကျေနပ်မှုတွေနဲ့ စိုးရိမ်ပူပန်မှု တွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ နောက်ဆုံးပေါ်စစ်လက်နက် ဒါမှမဟုတ် စစ်ဘက်ဆိုင်ရာအထောက်အပံ့တွေ ရှိနေရင်တောင် အမေရိကန်ဟာ ရုရှားစစ်တပ်နဲ့ပြည်သူတွေကို ဘယ်တော့မှအနိုင်ယူနိုင်မှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။

ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ စစ်ရေးအရဆက်ဆံရေးတွေကို ပိုမိုတိုးမြှင့်လာခဲ့ကြပြီး အဲဒီလုပ်ရပ်တွေကြောင့် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့တယ်လို့ အမေရိကန်နဲ့၎င်းရဲ့မိတ်ဖက်နိုင်ငံတွေက ပြောဆိုထားပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားဟာ ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် စစ်လက်နက်ပစ္စည်း တွေကို ရုရှားကို ပေးပို့ခဲ့တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က စွပ်စွဲပြောဆိုထားပါတယ်။

ဒါပေမယ့်လည်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့စွပ်စွဲပြောဆိုချက်တွေကို မြောက်ကိုရီးယားနဲ့ ရုရှားအစိုးရ တို့က ငြင်းဆန်ပယ်ချထားတယ်လို့လည်း သိရပါတယ်။

#NPnews