မြန်မာ့မီးရထား ကျောက်ရထားကို NUG ၊ CRPH တို့၏ လက်ဝေခံ PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ

ပဲခူး-မော်လမြိုင်လမ်းပိုင်းရှိ မွန်ပြည်နယ်၊ ဇင်းကျိုက်ဘူတာမှ ဌာန၏ လမ်းခင်းကျောက်များ သယ်ယူ၍ နံနက်ပိုင်းတွင် ဇင်းကျိုက်မှ ထွက်ခွာလာသည့် ရထားအမှတ်(၆၈၄)အစုန် ကျောက်ရထားသည် သထုံမြို့နယ်၊  ရင်းငြိမ်ဘူတာ နှင့်သထုံဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၃၉/၂-၁ သို့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် ဖြတ်သန်းစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့် စက်ခေါင်းရှေ့ မိုင်းကာတွဲ WBXHV 14375 ၏ အောက်တည့်တည့်မှ ပေါက်ကွဲမှုဖြစ်ပွား၍ အရှေ့ဘက်သံလမ်း ၁ ပေခွဲခန့် ပြတ်ထွက်ခဲ့ပြီး အနောက်ဘက်သံလမ်း ၁ ပေခွဲခန့် ဗိုက်သားကွဲ၊ ကွန်ကရစ်ဇလီဖား ၁ တုံး ပျက်စီးခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရှိရသည်။

အကြမ်းဖက်သမားများသည် သံလမ်း နှစ်ဖက်စလုံး ပြတ်ထွက်၍ ရထားတိမ်းမှောက်ပြီး ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့စေရန် ရည်ရွယ်ချက်ဖြင့် မိုင်းထောင်ခဲ့ခြင်း ဖြစ်သော်လည်း အရှေ့ဘက်သံလမ်းတစ်ဖက်သာ ၁ ပေခွဲခန့် ပြတ်ထွက်ပြီး အခြားတစ်ဖက်မှာ သံလမ်းဗိုက်သားကွဲမှုသာ ဖြစ်ပေါ်ခဲ့သဖြင့် ရထားထိခိုက် ပျက်စီးမှုမရှိဘဲ ဆက်လက်ထွက်ခွာနိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကျောက်ရထားမှာ သထုံဘူတာသို့ မွန်းလွဲ ၁၂ နာရီ ၁၈ မိနစ်တွင် ရောက်ရှိခဲ့ပြီး ရထားလမ်း အနည်းငယ်ပျက်စီးမှုအားလည်း လမ်းပိုင်းပြုပြင်မှုများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၅၀ မိနစ် မှစ၍ ရထားများ ပုံမှန်ပြန်လည် ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရှိရသည်