အိမ်နီးချင်းရဲ့ နိုင်ငံရေးအပြောင်းအလဲ….

ထိုင်းရွေးကောက်ပွဲအပြီးမှာ 3Ds (နိုင်ငံရေးမှာ စစ်တပ်အခန်းကဏ္ဍကို လျှော့ချတာ၊ လက်ဝါးကြီးအုပ်ချုပ်မှုကို လျှော့ချတာ၊ ဗဟိုချုပ်ကိုင်မှုကို လျှော့ချတာ) နှင့် မဲဆွယ်ပြီး လူငယ်တွေအများဆုံးထောက်ခံမှုကိုရထားတဲ့ ပီတာ လင်ဂျာရိုအင်နရတ်ရဲ့ Move Forward ပါတီ အနိုင်ရခဲ့ပါတယ်၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီး ပေထုံထန် ရှင်နာဝပ် ခေါင်းဆောင်တဲ့ Pheu Thai ပါတီကလည်း ဒုတိယနေရာလိုက်ခဲ့ပေမယ့် ညွန့်ပေါင်းဖွဲ့မယ်ဆို အဆင့်သင့်ပါပဲ ဆိုတဲ့ အနေအထားမျိုးရှိနေပါတယ်။
သို့ပေမယ့် ရွေးကောက်ပွဲ ရလဒ်တွေ တရားဝင် ထုတ်ပြန်တဲ့ အချိန်မတိုင်မီထိတော့ ရလဒ်တွေကို ဆက်ပြီး စောင့်ကြည့်နေရဦးမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာလည်း အနိုင်ရပါတီအနေနဲ့ ညွန့်ပေါင်း ဖွဲ့မည့်အစီအစဉ်ကို လက်သင့်မခံချင်တော့ မဲလိမ် မဲခိုးရာကစပြီး မီးခိုးကြွက်လျှောက်ဆိုသလို နိုင်ငံရေး ပဋိပက္ခတွေ ဖြစ်လာခဲ့ရပါတယ်။
ဒီနေရာမှာ ပီတာ တက်လာရင် Burma Act ကိုထောက်ခံပြီး မြန်မာအစိုးရကို ဖိအားပေးလိမ့်မယ်လို့ စကားသံတွေထွက်လာခဲ့ပါတယ် ဒါပေမယ့် ၁၉၉၀ ကျော်ပတ်ဝန်းကျင်လောက်က နိုင်ငံရေးသမား ချွန်လိပိုင်နဲ့ ဗိုလ်ချုပ်ကြီး ချာဝလစ်ယောင်ချိုင်ယွတ်တို့ လက်ထက်တုန်းကလည်း ဒီလိုမျိုး ဆင်တူတဲ့ အခြေအနေတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ သို့သော်လည်း ဒီနေ့အထိ မြန်မာနှင့် ထိုင်းအကြားမှာ မိတ်ဝတ်မပျက် ဆက်ဆံရေးတွေ ရှိနေဆဲ ဆိုတာ ထောက်ပြချင်ပါတယ်။
လက်ရှိ ထိုင်းနိုင်ငံရေးအခြေအနေမှာလည်း ပီတာနဲ့ ဗိုလ်ချုပ်ကြီး ပရာယွတ်တို့ နိုင်ငံရေး အားပြိုင်မှုတွေ ရှိနေပေမယ့် မြန်မာဘက်ကတော့ အိမ်နီးချင်းကောင်းဆက်ဆံရေးကို ဆက်ထိန်းသွားပါလိမ့်မယ်။ နောက်ပြီး ထိုင်းဘက်ကနေ အစိုးရအပြောင်းအလဲဖြစ်လာရင်လည်း လူ့အခွင့်အရေးနှင့် တရားမျှတမှုအပိုင်းကိုပဲ ဦးစားပေးသွားပါလိမ့်မယ် မြန်မာနိုင်ငံဘက်ကိုတော့ အကျိုးစီးပွားတွေ ဆက်နွယ်နေတာကြောင့် အစိုးရရဲ့ အတိုက်အခံတွေကို အားပေးတာမျိုးတွေ ဖြစ်လာနိုင်ဖွယ်မရှိဘူးလို့ သုံးသပ်မိပါတယ်။