အိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံက လက်ခံကျင်းပတဲ့ ၃၂ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ပြီးဆုံးသွားပြီဖြစ်ပါတယ်။ဒီညနေမှာ ပိတ်ပွဲ အခမ်းအနားကျင်းပတာ ဖြစ်ပြီး ၃၃ ကြိမ်မြောက် အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ထိုင်းနိုင်ငံကို ဆီးဂိမ်းအလံ လွှဲပြောင်းပေးအပ်ခဲ့တာ တွေ့ရပါတယ်။

ဒီနှစ်ဆီးဂိမ်း ပြိုင်ပွဲကတော့ မြန်မာနိုင်ငံအတွက် အတန်အသင့်အောင်မြင်ခဲ့တဲ့ ပြိုင်ပွဲလို့ ဆိုနိုင်ပါတယ်။

ဘာလို့လဲ မေးလာခဲ့ရင်တော့…

မြန်မာပရိတ်သတ်တွေ အရူးအမူးအားပေးကြတဲ့ ဘောလုံးမှာတင် အမျိုးသမီးအသင်းက ထိုင်းကို အနိုင်ယူပြီး ၁၈နှစ်ကြာဝေးကွာနေတဲ့ ဗိုလ်လုပွဲကို အရောက်လှမ်းနိုင်ခဲ့ပါတယ်။ချန်ပီယံ ဆုနဲ့ လွဲခဲ့ရပေမယ့် ငွေခေတ်ကို ထူထောင်နိုင်ခဲ့ပါတယ်။

အမျိုးသားဘောလုံး ယူ ၂၂ ဆိုရင်လည်း ပရိတ်သတ်မသိသေးတဲ့ မျက်နှာသစ်ကစားသမား အများအပြားကို ပွဲထုတ်ခဲ့ပြီး ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။ စတုတ္ထဆု ရခဲ့ပါတယ်။

အဲဒီထက်ပိုပြီး အောင်မြင်မှု ကြီးမားတာကတော့…

နိုင်ငံအလိုက် ရပ်တည်မှု နဲ့ ဆုတံဆိပ်ရရှိမှု အခြေအနေ ဖြစ်ပါတယ်။

ပုံမှန်ဆိုရင်တော့ မြန်မာရဲ့ ရပ်တည်မှုက အဆင့် ၇ ပါ။နောက်မှာ ရှိတဲ့ ရပ်တည်မှုတွေက ကမ္ဘောဒီးယား ၊ လာအို ၊ ဘရူနိုင်းနဲ့ အရှေ့တီမော ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ကမ္ဘောဒီးယား က အိမ်ရှင်ဖြစ်တဲ့အတွက် မြန်မာကို ကျော်တက်သွားပြီး အဆင့် ၄ မှာ ရပ်တည်ခဲ့တဲ့ အတွက် မြန်မာက အဆင့် ၈ ဖြစ်ခဲ့ပါတယ်။

အဆင့် ၈ မှာ ရှိနေခဲ့ပေမယ့် ဆုတံဆိပ် ရရှိမှုမှာတော့ မြန်မာက အိမ်ရှင်အဖြစ်ကျင်းပခဲ့တဲ့ ၂၀၁၃ ဆီးဂိမ်း နောက်ပိုင်း ၂၀၂၃ ဆီးဂိမ်း ဆုရရှိမှုက အကြီးမားဆုံး အောင်မြင်မှုလို့ ပြောရပါမယ်။ဆုတံဆိပ် စုစုပေါင်း ၁၀၀ ကျော် ရယူနိုင်ခဲ့ပါတယ်။

အိမ်ရှင် အဖြစ်ကျင်းပခဲ့စဥ်က ရွှေ ၈၆ ၊ ငွေ ၆၂ ၊ ကြေး ၈၅ နဲ့ ၂၃၃ ဆု ရရှိခဲ့ပြီး နိုင်ငံလိုက်ရပ်တည်မှု ဒုတိယ ဖြစ်ပါတယ်။ မြန်မာ အထက်မှာတော့ ထိုင်း ရှိနေခဲ့ပါတယ်။

အိမ်ရှင်အပြီး ၂နှစ်အကြာမှာ ကျင်းပတဲ့ ၂၀၁၅ ဆီးဂိမ်းမှာတော့ ဆုတံဆိပ်ရရှိမှု အောက်ကို ထိုးဆင်းသွားပါတယ်။ ရွှေ ၁၂ ၊ ငွေ ၂၆ ၊ ကြေး ၃၁ နဲ့ ၆၉ဆု ရခဲ့ပြီး အဆင့် ၇ မှာ ရပ်တည်ခဲ့ပါတယ်။

၂၀၁၇ ဆီးဂိမ်းမှာတော့ ရွှေ ၇ ၊ ငွေ ၁၀ ၊ ကြေး ၂၀ နဲ့ ၃၇ ဆု ရရှိခဲ့ပြီး အဆင့် ၇ မှာ ရပ်တည်ခဲ့ပါတယ်။ အတော်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့တာလို့ ပြောရမယ် ထင်ပါတယ်။ဘာလို့လဲ ဆိုတာတော့ ပါဝင်ပတ်သတ်သူတွေ ကိုယ်တိုင် ပြောမှ သိမယ့် အနေအထား ဖြစ်ပါလိမ့်မယ်။

၂၀၁၉ ဆီးဂိမ်းမှာတော့ ရွှေ ၄ ၊ ငွေ ၁၈ ၊ ကြေး ၅၁ နဲ့ ၇၃ ဆု ရခဲ့ပြီး အဆင့် ၇မှာ ရပ်တည်ခဲ့ပါတယ်။ရွှေ ရရှိမှု အနည်းဆုံး ဆီးဂိမ်းလို့ ပြောရမလား မသိပါဘူး။ဟိုး အရင် ဆီးဂိမ်းပြိုင်ပွဲ ဆု ရရှိမှုတွေကို ပြန်လေ့လာရင်တော့ တစ်ခုခု ကောက်ချက်ချနိုင်မယ် ထင်ပါတယ်။

၂၀၂၁ ဆီးဂိမ်းမှာတော့ ရွှေ ၈ ၊ ငွေ ၁၇၊ ကြေး ၂၇ နဲ့ ၅၂ ဆု ရရှိခဲ့ပြီးတော့ အဆင့် ၇ မှာ ရပ်တည်ခဲ့ပါတယ်။ ကိုဗစ်ကြောင့် မကျင်းပနိုင်ခဲ့တဲ့ အတွက် ၂၀၂၂မှသာ ကျင်းပရတဲ့ ဆီးဂိမ်းဖြစ်ပါတယ်။ အဲဒီ ဆီဂိမ်းပြိုင်ပွဲဝင် ကစားသမားတွေကို နည်းမျိုးစုံနဲ့ ဝေဖန်ကြ တိုက်ခိုက်ကြ ထိုးနှက်ခဲ့ကြပါတယ်။

ဘာလို့လဲ ဆိုရင်…
SAC လက်အောက်မှာ မကစားဘူး။ဘော မ မဘူး ။ ဘာညာနဲ့ ။လက်သုံးချောင်းထောင်ကြ။ဆဲကြ ဆိုကြနဲ့။ နိုင်ငံရေး နဲ့ အားကစားကို ရောထွေးလိုက်ကြတာ ဖြစ်ပါတယ်။

အခု ၂၀၂၃ ဆီးဂိမ်းမှာတော့ ရွှေ ၂၁ ၊ ငွေ ၂၅ ၊ ကြေး ၆၈ နဲ့ ၁၁၄ ဆု ရရှိပြီး အဆင့် ၈ မှာ ရပ်တည်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ဆီးဂိမ်းထက် ဆုတံဆိပ်ရရှိမှု နှစ်ဆ ပိုပို သာလွန်ခဲ့သလို အိမ်ရှင် အဖြစ်ကျင်းပတဲ့ ၂၀၁၃ ဆီးဂိမ်းနောက်ပိုင်း ဆယ်နှစ်တာ ကာလအတွင်း ၂၀၂၃ ဆီးဂိမ်းက အအောင်မြင်ဆုံး ဖြစ်ပါတယ်။ လက်ခံရမယ့် အရှိတရား ဖြစ်ပါတယ်။

နည်းမျိုးစုံနဲ့ ဆဲကြ ဆိုကြ ဝိုင်းပြီး အုပ်စုဖွဲ့တိုက်ခိုက်ခံရတဲ့ အခြေအနေမျိုးမှာ နိုင်ငံအတွက် ကြိုးစားပေးခဲ့ကြတဲ့ ၊ ဆယ်နှစ်တာ ကာလအတွင်း ဆုတံဆိပ်ရရှိမှု အနေအထားကို မြှင့်တင်ပေးခဲ့တဲ့ မြန်မာအားကစားအဖွဲ့ အားလုံးကို ထိုက်ထိုက်တန်တန် ချီးမြှင့် ဂုဏ်ပြုသင့်ပါတယ်။ကာလာဝင်မှ ဂုဏ်ပြုတာမျိုး မဟုတ်ပဲ ယှဥ်ပြိုင်ခဲ့ကြတဲ့ တစ်ဦးချင်း တစ်ယောက်ချင်းကို ဂုဏ်ပြုသင့်ပါတယ်။

နိုင်ငံရေး နဲ့ အားကစား ကို ရောထွေးပြီး အုံနဲ့ကျင်းနဲ့ တိုက်ခိုက်ခံရတဲ့ ကာလမှာ ကစားသမားအားလုံးကို တခမ်းတနား ဂုဏ်ပြုသင့်ပါတယ်။ဂုဏ်ပြုထိုက်ပါတယ်။

လက်ဝှေ့အဖွဲ့ချုပ်က တာဝန်ရှိသူ တစ်ယောက် ဖေ့ဘွတ်စ်မှာ ရေးထားတဲ့ ပို့စ် တွေ့လိုက်ရပါတယ်။လို တို ရှင်း ပြောရရင် ပလေယာတွေ အိမ်မပြန်ရဲကြဘူး။အဲဒီအတွက် Camp မှာနေဖို့ ခွင့်ပြုပေးပါ သတင်းပို့တဲ့ အကြောင်းလေး။ ပြီးစလွယ် ဖတ်ကြည့်ရင်တော့ ဘာမှမဟုတ်ဖူး။အရှည်တွေးကြည့်ရင် ကြောက်စရာကောင်းတယ်။ ဆု ရသည် ဖြစ်စေ မရသည် ဖြစ်စေ သူတို့ က နိုင်ငံအတွက် ယှဥ်ပြိုင်ကြတာ။မြန်မာ နိုင်ငံကို ကိုယ်စားပြုတာ။နိုင်ငံတော် အလံကို ရင်ဘတ်မှာ ရေးထိုးပြီး ပြိုင်ပွဲ ဝင်ကြရတာ။

ဆုတံဆိပ်ရရင် နိုင်ငံတော်အလံလွှင့် နိုင်ငံတော်သီချင်းဖွင့်ပြီး ဂုဏ်ပြုခံရတာ။ တန်ဖိုးကြီးတယ်။တန်ဖိုးမြင့်တယ်။ အဲဒီလိုတွေ ကြားရတော့ အတော်ကို စိတ်မသက်မသာ ဖြစ်မိတာ။

ပြိုင်ပွဲ နီးမှ Camp သွင်းတယ် ဆိုရင်တောင် အခုလို အခြေအနေမျိုးမှာတော့ Camp မှာပဲ ထားရှိပြီးတော့ နေထိုင်စားသောက်မှုအတွက် နိုင်ငံတော်ကနေ ထောက်ပံ့မှု ပြုပေးသင့်တယ်လို့ မြင်မိတယ်။ တစ်ခုခု တစ်ယောက်ယောက် အလွဲလွဲ အချော်ချော် ဖြစ်သွားတာနဲ့ နိုင်ငံလက်ရွေးစင်ဘဝကို ကျောခိုင်းသွားနိုင်တဲ့ အထိ ဖြစ်သွားနိုင်တယ်။ ဘယ်အရာမှ ပုံသေကားကျ ပြောလို့ မရတော့ ခက်တယ်လေ။

ဆုတံဆိပ် ရတာကို ပြန်ကြည့်ရင် မြန်မာ အောက်မှာရှိတဲ့ လာအို ကလည်း ကပ်လိုက်လာတယ်။ ရွှေ ၆၊ ငွေ ၂၂ ၊ ကြေး ၆၀ နဲ့ ၈၈ဆု ရထားတာ။လျော့တွက်လို့ မရတော့ဘူး။အထင်သေးလို့ မရတော့ဘူး။တရွေ့ရွေ့နဲ့ ချီတက်နေတာ။ ၁၁၄ နဲ့ ၈၈ ဆိုတော့ အပြတ်အသတ် မဟုတ်တော့ဘူး။

မြန်မာ အပေါ်မှာ ရပ်တည်တဲ့ မလေးရှား က ရွှေ ၃၄ ၊ သူ့ အပေါ်က စင်ကာပူ က ရွှေ ၅၁ ၊ သူ့ အပေါ်က ဖိလစ်ပိုင် က ရွှေ ၅၈။ မြန်မာ နဲ့ မလေးရှား ရွှေဆု ကွာခြားမှုက ၁၃ ဆု။ အပြတ်အသတ်ကြီး မဟုတ်သေးဘူး။မတိမ်းမယိမ်း အနေအထားမျိုး။

အခု ရေတွင်းတူး အခု ရေကြည်သောက်လို့ရတာ မဟုတ်ပေမယ့် အနီးစပ်ဆုံး ပစ်မှတ်ထားပြီး ကြိုးစားရမယ်လို့ လာအို က ခေါင်းလောင်းထိုးပေးလိုက်သလို ခံစားရတယ်။တရွေ့ရွေ့နဲ့ ကြိုးစားဖို့ လိုတယ်ဆိုတာတော့ လက်ခံရပါမယ်။အရှိတရားဆိုတာကို မျက်ကွယ်ပြုလို့ မရပါဘူး။

တစ်ခုပြီး တစ်ခု တစ်နှစ်ပြီး တစ်နှစ် အကောင်းဆုံး ကြိုးစားကြရင် ဖြစ်လာမယ်လို့ ယုံကြည်မျှော်လင့်လို့ရပါတယ်။အခု ၂၀၂၃ ဆီးဂိမ်း ဆု ရရှိမှုကို ကြည့်ရင် အထင်းသားတွေ့နိုင်ပါတယ်။

မြန်မာ အပေါ်မှာ ရပ်တည်ခဲ့တဲ့ မလေးရှား ရဲ့ ရွှေဆု ၃၄ ဆုကို မမှီသေးရင်တောင် ၂၀၂၅ ဆီးဂိမ်းမှာ ရွှေ ၃၀ ရအောင် ယူမယ်ဆိုတာမျိုး။အခုတည်းက ကြိုတင်ပြီး အစီအစဥ်ချထားဖို့လိုမှာ ဖြစ်ပါတယ်။ အစီအစဥ် ရှိမယ်လို့လည်း ယုံကြည်ပါတယ်။

အဲဒီလို ဖြစ်ဖို့ ဘာတွေ လိုအပ်မလဲ ဆိုရင်…

အဓိကတော့ ငွေကြေးသုံးစွဲတာ၊ လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်း ပိုင်ဆိုင်တာ၊ နေထိုင်စားသောက်ရေး ကောင်းမွန်တာ၊ ကိုယ်ရော စိတ်ပါ ကျန်းမာကြံ့ခိုင်အောင် လေ့ကျင့်ပေးတာ၊ နည်းပြဆရာကောင်းရှိတာ၊ အုပ်ချုပ်ထောက်ပံ့မှုကောင်းတာ၊ နိုင်ငံတကာ အဆင့်မှီအောင် ဖန်တီးပေးတာ စသဖြင့် အများကြီး ရှိပါလိမ့်မယ်။

အခု ၂၀၂၃ ဆီးဂိမ်းမှာ အောင်မြင်မှုရတာကလည်း စနစ်တကျ Camp သွင်း လေ့ကျင့်ပြီး ထောက်ပံ့မှုကောင်းတဲ့အတွက်ကြောင့် ဆိုပြီး အင်တာဗျူးတွေမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေ ဖြေထားတာ နားထောင်ရပါတယ်။ဆက်ပြီးတော့လည်း အဲဒီလို ဖြစ်တည်စေချင်ပါတယ်။

အားကစားဆိုတာ နိုင်ငံချင်း ယှဥ်ပြိုင်တိုက်ခိုက်ရတဲ့ Soft Power တစ်ခုပါ။ ဆုတံဆိပ်ရရှိမှု နိုင်ငံအလိုက်ရပ်တည်မှုကို ကြည့်ပြီးတော့ နိုင်ငံရဲ့ အားကစားအဆင့်အတန်း ဂုဏ်သိက္ခာဆိုတာကို သတ်မှတ်ပေးပါတယ်။

အခု ဆီးဂိမ်းမှာတင် ကမ္ဘောဒီးယားဘောလုံးအဖွဲ့ချုပ် ဥက္ကဌ နှုတ်ထွက်သွားတဲ့ ဖြစ်စဥ်ကို ကြည့်ရုံနဲ့တင် နိုင်ငံအတွက် အားကစားက ဘယ်လောက် အရေးကြီးသလဲဆိုတာ ချိန်ဆကြည့်လို့ရပါတယ်။ မြန်မာအသင်းကို ရှုံးနိမ့်ပြီး ဆီဖိုးဖိုင်နယ်ကို ကမ္ဘောဒီးယား ဘောလုံးအသင်း မတက်ရောက်နိုင်တဲ့အတွက် ချက်ချင်း နှုတ်ထွက်တာ ဖြစ်ပါတယ်။ ကမ္ဘောဒီးယား ဘောလုံး ပရိတ်သတ်ရဲ့ မျှော်လင့်ချက်ကို မဖြည့်ဆည်းနိုင်တဲ့အတွက် နှုတ်ထွက်တာ ဖြစ်လို့ အားကစားရဲ့ ပါဝါကြီးပါတယ်။ နိုင်ငံတကာမှာလည်း ဘောလုံးအသင်း မအောင်မြင်လို့ နှုတ်ထွက်သွားကြတဲ့ နည်းပြတွေ၊ အဖွဲ့ချုပ်ဥက္ကဌတွေ အများကြီးပါပဲ။

အဲဒီအတွက် အားကစားဆိုတာကို ပြီးစလွယ်တွေးလို့ ရတဲ့ ခေတ်မဟုတ်တော့ဘူးဆိုတာ ကမ္ဘာကြည့်ကြည့်ရင် သိနိုင်မြင်နိုင် တွေ့နိုင်မယ် ထင်ပါတယ်။အားကစား အောင်မြင်ဖို့ နည်းလမ်းပေါင်းစုံ အသုံးပြုနေတာကိုလည်း တွေ့နိုင်မြင်နိုင်ပါတယ်။