အိန္ဒိယမှာ မီးခိုးမြူဖုံးလွှမ်းပြီး လေထုညစ်ညမ်းလို့ ကလေးသူငယ်တွေ ဆေးရုံတင်ရ

အိန္ဒိယနိုင်ငံရဲ့ မြို့တော်နယူးဒေလီရှိ Chacha Nehru Bal Chikitsalaya အစိုးရဆေးရုံ၊ အရေးပေါ်ခန်းမှာ အသက်ရှူဖို့ မနည်းရုန်းကန်နေရတဲ့ ကလေးသူငယ်တွေနဲ့ ပြည့်နှက်နေပါတယ်။ အများစုက ပန်းနာရင်ကျပ်နဲ့ အဆုတ်ရောင်ရောဂါခံစားနေရရှာပါတယ်။

လူဦးရေ သန်း ၃၀ ခန့် မှီတင်းနေထိုင်တဲ့ နယူးဒေလီမြို့မှာ ဆောင်းရာသီရောက်တိုင်း လေထုညစ်ညမ်းမှုအမြင့်ဆုံးအဆင့် ဆိုးရွားလာနေခဲ့ပါတယ်။

ဆေးရုံကုတင်ပေါ် မှာ အသက်ရှူအထောက်အကူပြု မျက်နှာဖုံးတပ်ထားရင်း ငိုကြွေးမြည်တမ်းနေတဲ့ တစ်လသားလေး အယန့်တီဝါရီဟာ တချက် … တချက် ချောင်းဆိုးနေပါသေးတယ်။ သူ့ကို ဂရုတစိုက်ကုသပေးနေတဲ့ ဆရာဝန်တွေက ကလေးကို ကရုဏာသက်တဲ့မျက်ဝန်းတွေနဲ့ ကြည့်ရင်း နှစ်စဉ်နှစ်တိုင်း ဆိုးရွားနေတဲ့ လေထုညစ်ညမ်းမှုကို အပြစ်တင်ကြပါတယ်။

ရာသီအလိုက် စိုက်ပျိုးမြေရှင်းလင်းဖို့ တောင်ယာမီးရှို့တာကြောင့် အဲဒီမီးခိုးငွေ့တွေဟာ စက်ရုံနဲ့မော်တော်ယာဉ်က ထွက်ရှိတဲ့ မီးခိုးငွေ့တွေနဲ့ ရောယှက်သွားပြီး အဆိပ်သင့်စေတဲ့အတွက် နယူးဒေလီဟာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့ကြီးတွေစာရင်းမှာ အမြဲရောက်ရှိနေတတ်တာပါ။

“မြင်မြင်သမျှ နေရာတိုင်းမှာ အဆိပ်ရှိတဲ့ မီးခိုးမြူတွေရှိနေတယ်” လို့ တစ်လသားလေး အယန့်တီဝါရီရဲ့မိခင် အသက် ၂၆ နှစ်ရှိ ဂျူလီယာတီဝါရီက ကလေးချော့သိပ်ရင်း ပြောပါတယ်။

“တံခါးတွေနဲ့ ပြတင်းပေါက်တွေကို အတတ်နိုင်ဆုံးပိတ်ထားဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အသက်ရှူရင်း အဆိပ်သင့်နေသလိုပဲ။ တစ်ချိန်လုံး ကူရာကယ်ရာမဲ့သလို ခံစားနေရပါတယ်” လို့ သူက အေအက်ဖ်ပီသတင်းဌာနသို့ ရင်ဖွင့်ခဲ့ပါတယ်။