လူကို သေတ္တာတစ်လုံးလို့ မှားယွင်းအာရုံခံမိတဲ့စက်ရုပ်ကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ရ

တောင်ကိုရီးယားနိုင်ငံမှာ အလိုအလျောက်အာရုံခံစက်ရုပ်နဲ့ယန္တရားက လူနဲ့ကုန်သေတ္တာ မခွဲခြားနိုင်ဘဲ တက်ကြိတ်မိတာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ရကြောင်း ယွန်ဟက်သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။

စက်ရုပ်တွေသုံးစွဲတဲ့ကုမ္ပဏီမှာ လုပ်ကိုင်နေတဲ့ အသက် ၄၀ ရှိ အဲဒီအမျိုးသားဝန်ထမ်းဟာ တောင်ပိုင်းဂျောင်ဆန်းပြည်နယ်ရှိ စိုက်ပျိုးထွက်ကုန်ဖြန့်ဖြူးရေးလုပ်ငန်းတစ်ခုသို့ လာရောက်ပြီး စက်ရုပ်ရဲ့အာရုံခံကိရိယာ လည်ပတ်မှုကြည့်ရှုစစ်ဆေးနေစဉ် အခုလို သေဆုံးခဲ့ရတာပါ။

စစ်ဆေးနေစဉ်အတွင်း လုပ်ငန်းသုံးစက်ရုပ်က ငရုတ်သီးထည့်ထားတဲ့ကုန်သေတ္တာကို သိမ်းဆည်းသိုလှောင်ရင်း သေဆုံးသူကို လူလို့ မသတ်မှတ်ဘဲ သေတ္တာတစ်လုံးလို့ မှားယွင်းတွက်ချက်မိပြီး ဆွဲမ,ရင်း ပစ်ချမိတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ပြောကြားချက်ကို ကိုးကားလျက် ယွန်ဟက်သတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။

စက်ရုပ်လက်တံဟာ အမျိုးသားခန္ဓာကိုယ်အပေါ်ပိုင်းကို အလိုအလျောက် ဆွဲယူမ,တင်ပြီး မျက်နှာနဲ့ရင်ဘတ်ကို စက်အလေးချိန်နဲ့ ဖိထားမိခဲ့ပါတယ်။ အဲဒီမတော်တဆမှုဟာ နိုဝင်ဘာ ၇ ရက်၊ ည ၇ နာရီ ၄၅ မိနစ်မှာ ဖြစ်ပွားခဲ့တာပါ။

ထိခိုက်မိတဲ့အမျိုးသားကို ဆေးရုံပို့ခဲ့ပေမဲ့ နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။
ဝန်ထမ်းတွေအတွင်း ပေါ့ဆမှုဖြစ်နိုင်တာကြောင့် တောင်ကိုရီးယားရဲတွေက အဲဒီလုပ်ငန်းရှိ ဘေးကင်းလုံခြုံရေးဆိုင်ရာမန်နေဂျာကို စုံစမ်းစစ်ဆေးဖို့ ပြင်ဆင်နေပါတယ်။

ပြီးခဲ့တဲ့မတ်လတုန်းကလည်း အသက် ၅၀ အရွယ် တောင်ကိုရီးယားအမျိုးသားတစ်ဦးဟာ မော်တော်ယာဉ်အစိတ်အပိုင်းထုတ်လုပ်တဲ့စက်ရုံမှာ လုပ်ကိုင်ရင်း စက်ရုပ်တစ်ရုပ်ရဲ့ လက်ချက်နဲ့ ဒဏ်ရာအပြင်းအထန် ရခဲ့ဖူးပါတယ်။