ကျိုက်ထီးရိုးတောင်ပေါ်ရှိ ရိုးရိုးလေးဟိုတယ်မှာ မီးလောင်မှုဖြစ်ပွား

ယနေ့ နေ့လည်ပိုင်းအချိန်က ကျိုက်ထီးရိုးတောင်ပေါ်ရှိ ရိုးရိုးလေးဟိုတယ်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ယနေ့ သြဂုတ်လ ၁ရက် နေ့လည် ၁နာရီခွဲအချိန်က ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးတောင်ပေါ်က ရိုးရိုးလေးဟိုတယ်ရဲ့ စတိုခန်းမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“ရိုးရိုးလေးဟိုတယ်ရဲ့ စတိုခန်းကနေလောင်တာတော့ သိရတယ်။ အခုက မိုးတွင်းဆိုတော့ ဘုရားဖူးအလာနည်းတဲ့အချိန်ပေါ့။ ဘယ်လိုဖြစ်ပြီးလောင်တယ်ဆိုတာတော့ မသိရဘူး၊ အခုတော့ မီးငြိမ်းသွားပါပြီ”လို့ မီးလောင်မှုဖြစ်စဉ်ကို သိရှိသူတစ်ဦးက ဆိုထားပါတယ်။

ကျိုက်ထီးရိုးတောင်ပေါ်ရှိ ရိုးရိုးလေးဟိုတယ်က စတိုခန်း မီးလောင်မှုဖြစ်စဉ်ကို နယ်မြေမီးသတ်စခန်းက သွားရောက်ငြှိမ်းသတ်ခဲ့တာကြောင့် နေ့လည် ၁နာရီ ၄၄မိနစ်အချိန်မှာ မီးငြိမ်းသွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

(မြန်မာ့ပလက်ဖောင်း)