ကလပ်အပြောင်းအရွှေ့နဲ့ အားကစားသတင်းများ

⚽ ပရီးမီးယားလိဂ်ထပ်သီးကလပ်တွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊ နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ဟာ ဖူလ်ဟမ်အသင်းရဲ့ အသက် ၂၇ နှစ်အရွယ် ပေါ်တူဂီကွင်းလယ်လူ ယာအိုပေါ်လင်ညာကိုခေါ်ယူဖို့စိတ်ဝင်စားနေပြီး လီဗာပူးလ်အသင်းကတော့ အဆိုပါကစားသမားအတွက် အာရုံအစိုက်ဆုံးကလပ်ဖြစ်တယ်လို့ အင်္ဂလိပ်သတင်းဌာနတစ်ချို့ကဖော်ပြသွားခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇူလိုင်လတုန်းကမှ စပို့တင်းလစ္စဘွန်းအသင်းကနေ ပေါင်သန်း ၂၀ နဲ့ပြောင်းရွှေ့လာခဲ့တဲ့ ပေါ်လင်ညာဟာ ကွင်းလယ်အဖျက်ဦးစားပေးကစားသမားတစ်ယောက်ဖြစ်သည့်တိုင် ဖူလ်ဟမ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၈ ပွဲကစား သွင်းဂိုး ၄ ဂိုး သွင်းယူပေးထားနိုင်သူဖြစ်ပြီး ဖူလ်ဟမ်အသင်းကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၈ နေရာရောက်ရှိအောင်ပို့ဆောင်ပေးထားတဲ့အသင်းရဲ့အဓိကကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။

⚽ ဂျူဗင်တပ်စ်၊ မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်အသင်းတို့ကခေါ်ယူဖို့ပစ်မှတ်ထားနေသည့်တိုင် မိုချန်ဂလာဘတ်အသင်းရဲ့ အသက် ၂၅ နှစ်အရွယ်ပြင်သစ်တိုက်စစ်မှူး မားကပ်စ်သူရမ်ဟာ အင်တာမီလန်အသင်းကိုရောက်ရှိဖို့ဖြစ်နိုင်ချေအများဆုံးလို့ အီတလီအခြေစိုက်သတင်းဌာနတစ်ချို့ကဖော်ပြသွားခဲ့ပါတယ်။ ၂၀၁၉ ဇူလိုင်လတုန်းက ပြင်သစ် လီဂူး-၁ ကလပ် ဂူအင်းဂမ့်အသင်းကနေ ယူရို ၁၂ သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ မားကပ်စ်သူရမ်ဟာ မိုချန်ဂလာဘတ်အသင်းမှာတော့ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကိုထုတ်ဖော်ပြသနေပြီး ပြိုင်ပွဲစုံ ၁၂၇ ပွဲကစား သွင်းဂိုး ၄၂ ဂိုး ဂိုးဖန်တီးမှု ၂၆ ကြိမ်ပြုလုပ်ပေးထားနိုင်တဲ့ ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်လည်းဖြစ်ပါတယ်။

⚽ အာဆင်နယ်အသင်းဟာ ဘေယာလေဗာကူဆင်အသင်းရဲ့ အသက် ၂၃ နှစ်အရွယ်ပြင်သစ်တောင်ပံကစားသမား မူဆာဒီယာဘီကိုခေါ်ယူဖို့ ၂ နှစ်ကြာစောင့်ကြည့်လေ့လာမှုတွေပြုလုပ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အဆိုပါကစားသမားကိုခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်နယူးကာဆယ်အသင်းနဲ့ အသင်းဟောင်း ပီအက်စ်ဂျီတို့ကပါ စိတ်ဝင်စားမှုပြသနေကြတယ်လို့ ဂျာနယ်လစ် ဖာဘီဇီယိုရိုမာနိုကဖော်ပြသွားခဲ့ပါတယ်။ ပီအက်စ်ဂျီလူငယ်အကယ်ဒမီထွက်ကစားသမားတစ်ယောက်ဖြစ်တဲ့ မူဆာဒီယာဘီဟာ ၂၀၁၉ ခုနှစ် ဇွန်လတုန်းကတည်းက လေဗာကူဆင်အသင်းကိုရောက်ရှိနေခဲ့တာဖြစ်ပြီး လေဗာကူဆင်အသင်းအတွက် ပြိုင်ပွဲစုံ ၁၅၇ ပွဲကစား သွင်းဂိုး ၄၆ ဂိုး ဂိုးဖန်တီးမှု ၄၃ ကြိမ်ပြုလုပ်ပေးထားနိုင်တဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။

⚽ ပရီးမီးယားလိဂ်ကလပ် နော်တင်ဟမ်ဖော်ရက်စ်အသင်းဟာ မန်ချက်စတာယူနိုက်အသင်းရဲ့ အသက် ၂၆ နှစ်အရွယ် အင်္ဂလန်ဂိုးသမား ဒင်းဟန်ဒါဆန်နဲ့ ပီအက်စ်ဂျီအသင်းရဲ့ အသက် ၃၆ နှစ်အရွယ် ကော်စတာရီကာဂိုသမား ကေလာနားဗက်စ်တို့ကို အငှားနဲ့ခေါ်ယူထားခဲ့ပေမယ့် အပြီးသတ်ခေါ်ယူဖို့ဆုံးဖြတ်ချက်ချထားခြင်းမရှိသေးဘူးလို့ Football Insider သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။ ဒါ့အပြင် အသင်းမှာပုံမှန်ခြေစွမ်းပြသနိုင်ခြင်းမရှိတဲ့ အသက် ၃၀ အရွယ် အင်္ဂလန်တိုက်စစ်ကစားသမား ဂျက်ဆီလင်ဂတ်ကိုလည်း စာချုပ်သက်တမ်းတိုးမြှင့်ဖို့ဆန္ဒမရှိဘူးလို့သိရပါတယ်။

CRD; Sport7၊ ⚽𝐆𝐎𝐒𝐒𝐈𝐏⚽