ဘောလုံးအားကစားသတင်းတိုများ

⚽ မန်ချက်စတာယူနိုက်တက်အသင်းဟာ နာပိုလီအအသင်းရဲ့ အသက် ၂၃ နှစ်အရွယ် နိုင်ဂျီးရီးယားတိုက်စစ်မှူး ဗစ်တာအိုဆင်မန်ကို ပေါင် ၁၀၅ သန်းအထိပေးပြီး ကမ်းလှမ်းနိုင်ဖွယ်ရှိပေမယ့် အဆိုပါကမ်းလှမ်းမှုဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှသာဖြစ်ပေါ်လာဖွယ်ရှိနေတယ်လို့ Soccer News သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်တုန်းက လိုင်လီအသင်းကနေ ဆုကြေးငွေတွေအပါအဝင် ကလပ်စံချိန်တင်ကြေး ယူရိုသန်း ၈၀ ဝန်းကျင်နဲ့ပြောင်းရွှေ့လာခဲ့တဲ့ အိုဆင်မန်ဟာ နာပိုလီအသင်းအတွက်ပြိုင်ပွဲစုံ ၆၆ ပွဲကစား သွင်းဂိုး ၃၇ ဂိုး ဂိုးဖန်တီးမှု ၁၂ ကြိမ်ပြုလုပ်ပေးထားတဲ့ ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်လည်းဖြစ်ပါတယ်။

⚽ လိဒ်စ်ယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်စ်အသင်းရဲ့ အသက် ၂၄ နှစ်အရွယ် အမေရိကန်ကွင်းလယ်လူ ဝက်စ်တန်မက်ကန်နီးကို ပေါင်သန်း ၃၀ နဲ့ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူနိုင်ခဲ့ပြီလို့ The Sun သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာရဲ့အထူးစိတ်ဝင်စားခြင်းကိုခံခဲ့ရဖူးတဲ့ မက်ကန်နေးဟာ ဂျူဗင်တပ်စ်အသင်းအတွက်ပြိုင်ပွဲစုံ ၉၆ ပွဲကစား သွင်းဂိုး ၁၃ ဂိုး ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ပေးထားသူဖြစ်ပြီး လက်ရွေးစင်အသင်းဖော်တွေဖြစ်တဲ့ တိုင်လာအဒမ်နဲ့ ဘရန်ဒန်အာရွန်ဆန်တို့ရှိခြင်းက လိဒ်စ်ယူနိုက်တက်ကိုရွေးချယ်ဖို့ပိုမိုအားကောင်းစေခဲ့တာဖြစ်တယ်လို့ The Sun သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။

⚽ ချယ်လ်ဆီးအသင်းဟာ အဲဗာတန်အသင်းရဲ့ အသက် ၂၁ နှစ်အရွယ် ဘယ်လ်ဂျီယံ ကွင်းလယ်ကစားသမား အမာဒူအိုနာနာကို ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် ကစားသမားဘက်က အဲဗာတန်အသင်းအတွက်အာရုံစိုက်လိုတယ်ဆိုတဲ့အကြောင်းပြချက်ကြောင့်ငြင်းဆန်ပယ်ချခံခဲ့ရတယ်လို့ ဘယ်လ်ဂျီယံအခြေစိုက်သတင်းဌာနတစ်ချို့ကဖော်ပြသွားခဲ့ကြပါတယ်။ ၂၀၂၂ ခုနှစ် ဩဂုတ်လတုန်းက လိုင်လီအသင်းကနေ ပေါင် ၃၃ သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ အိုနာနာကို အာဆင်နယ်နည်းပြ အာတီတာကလည်းခေါ်ယူဖို့စိတ်ဝင်စားနေပြီး ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ နဲ့အထက်အသုံးပြုရဖွယ်ရှိနေတယ်လို့ Metro သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။ အိုနာနာဟာ အဲဗာတန်အသင်းအတွက် ပြိုင်ပွဲစုံ ၁၈ ပွဲကစား သွင်းဂိုး ၁ ဂိုး ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ပေးထားပြီး အရည်အသွေးမြင့် ကွင်းလယ်ခံစစ်ကစားသမားတစ်ယောက်အဖြစ် အားကစားကျွမ်းကျင်သူအများစုက သတ်မှတ်ထားကြတဲ့ လူငယ်ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။