မွန်ပြည်နယ် နေလှန်းဆားဈေး ယခင်နှစ်ထက်နှစ်ဆကျော်ရရှိ

မွန်ပြည်နယ်အတွင်း နေလှန်းဆားပေါက်ဈေးက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကာလတူထက် ဈေးနှစ်ဆကျော်ရတယ်လို့ ဆားလုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ခုနှစ် ဇန်နဝါရီလကုန်ပိုင်းက ဆားအသစ်တစ်ပိဿာကို ကျပ် ၈၀ ဝန်းကျင်ရရှိပြီး အခုနှစ်မှာတော့ ဆားအသစ် တစ်ပိဿာကို ၁၈၀ ကျပ် ဝန်းကျင်ပေါက်ဈေး ရလာတယ်လို့ သိရပါတယ်။

ဆားအထွက်နှုန်းကောင်းပြီး ဈေးရဖို့ဆိုရင် မတ်လနဲ့ ဧပြီလတွေမှာ မိုးမမိဖို့လိုအပ်ပြီး လာမယ့် ဆားရာသီမှာ နေလှန်းဆား ၄၄၅၃ ဧက လုပ်ကိုင်မှာဖြစ်သလို ဆားတန်ချိန် ၄၅၀၀ ထုတ်သွားမယ်လို့ မွန်ပြည်နယ် ဆားလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း မွန်ပြည်နယ်မှာ ဆားဧက ၄၂၀၀ ကျော်လုပ်ကိုင်ခဲ့ပြီး ယခုနှစ်မှာတော့ ဧက ၂၀၀ ကျော် တိုးချဲ့လုပ်ကိုင်မှာဖြစ်ပါတယ်။