သီပေါက ဘုန်းကြီးကျောင်း မီးလောင်မှုအတွင်း အသက် ၁၀ နှစ်ဝန်းကျင်ခန့်ရှိ ကိုရင်တစ်ပါးပျံလွန်တော်မူခဲ့

ရှမ်းပြည်နယ်သီပေါမြို့နယ်အတွင်း မဏိရတနာစံဖိတ်ကျောင်းတိုက်တွင် မီးလောင်မှု ဖြစ်ပွားပြီး အိပ်ပျော်နေသည့် ကိုရင်တစ်ပါး ပျံလွန်တော်မူသွားကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ည ၁၀ ခန့်က သီပေါမြို့နယ်အတွင်း စံဖိတ်ကျေးရွာရှိ မဏိရတနာစံဖိတ်ကျောင်းတိုက်တွင် အောက်ခံခွက်မပါဘဲ ဘုရားမီးပူဇော်ထားရမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာပါ။

အဆိုပါ မီးလောင်မှု ဖြစ်စဉ်ကြောင့် ဘုန်းကြီးကျောင်းဆောင်ကြီးရှိ ယာယီအဆောင် တစ်ဆောင် မီးလောင်ကျွမ်းသွားသလို အဆိုပါကျောင်းဆောင်အတွင်း အိပ်ပျော်နေသည့် အသက်(၁၀)နှစ်ဝန်းကျင်အရွယ် ကိုရင်လေးတစ်ပါး မီးလောင်ပြီး ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ယင်းမီးလောင်မှုကို အနီးဝန်းကျင်နေပြည်သူများနှင့်အတူ သီပေါမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီးတို့ဖြင့် ငြှိမ်းသတ်ရာ ည(၁၀)နာရီခွဲဝန်းကျင်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရပါတယ်။