အဖြစ်များလာသော ခါးနာခြင်းဝေဒနာ

အဖြစ်များလာသော ခါးနာခြင်းဝေဒနာ

ခါးနာခြင်းဟာ လူတိုင်းခံစားရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အရိုးအိမ်ရဲ့နောက်ကျော အောက်ပိုင်းကို ခါးနေရာလို့ ခေါ်ပါတယ်။ ဒီနေရာမှာ နာကျင်ခြင်းဟာ ပြင်းထန်ပြီးတော့ အလုပ်မလုပ်နိုင်တဲ့ အဓိကကျတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ကံကောင်းတာကတော့ ခါးနာခြင်းဟာ ပြန်ကောင်းသွားတတ်ပါတယ်။ မကောင်းရင်လဲ အစွမ်းထက်တဲ့ ဆေးတွေ ရှိပါတယ်။

”ခါးနာခြင်း လက္ခဏာများ”

လက္ခဏာတွေကတော့ စူးရှတဲ့ နာကျင်မှုကနေ ဓါးနဲ့ထိုးသလိုမျိုး နာကျင်မှုမျိုး ဖြစ်နိုင်ပါတယ်။ နာကျင်မှုဟာ လှုပ်ရှားဖို့ (သို့) မတ်တပ်ရပ်ဖို့တောင် ခက်ခဲတာမျိုး ဖြစ်နိုင်ပါတယ်။ ခါးနာခြင်းဟာ အားကစားလုပ်ပြီး (သို့) လေးလံတဲ့ အရာတစ်ခု လုပ်အပြီးမှာ ရုတ်တရက်ဖြစ်လာတတ်ပါတယ်။ သုံးလထက်ပိုကြာတတ်တဲ့ နာကျင်မှုတွေကို နာတာရှည်လို့ သတ်မှတ်ပါတယ်။ သုံးရက်အတွင်းမှာ မသက်သာရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

”အရေးပေါ် ပြုစုမှုလိုအပ်တဲ့ လက္ခဏာများ”

ပြုတ်ကျအပြီး (သို့) ဒဏ်ရာရအပြီးမှာ ပြင်းထန်စွာ ခါးနာခြင်းဟာ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။ အခြား လက္ခဏာတွေကတော့ ဆီး၊ဝမ်း မထိန်းနိုင်ခြင်း၊ ခြေထောက် အားနည်းခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးစဉ် (သို့) ဆီးသွားစဉ် နာကျင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

”ခါးနာမှု ဖြစ်စေသော အရာများ”

(၁)အလုပ်

သင့်အလုပ်ဟာ မခြင်း၊ တွန်းခြင်း အစရှိတဲ့ ကျောရိုးမကို လိမ်စေတဲ့အရာတွေ ပါဝင်ရင် ခါးနာစေနိုင်ပါတယ်။ စားပွဲမှာ တစ်နေကုန်ထိုင်နေခြင်းဟာလည်း ခုံက သက်တောင့်သက်သာ မရှိရင် (သို့) လူက ကုန်းနေရင် ခါးနာစေနိုင်ပါတယ်။

(၂)လွယ်အိတ်

ပိုက်ဆံအိတ်၊ ကျောပိုးအိတ် (သို့) briefcase ကို ပုခုံးပေါ်မှာ လွယ်မယ်ဆိုရင် ဒီအပိုအလေးချိန်အပါအဝင် ကိုယ်ခန္ဓါ အပေါ်ပိုင်းကို ခါးအောက်ပိုင်းက အထောက်အပံ့ပေးပါတယ်။ ဒါ့ကြောင့် အလေးချိန်များတဲ့အိပ်ကို နေ့တိုင်းလွယ်မယ်ဆိုရင် ခါးနာနိုင်တာကြောင့် အလေးချိန်များရင် ဘီးပါတဲ့ briefcase ကို ပြောင်းလဲ အသုံးပြုသင့်ပါတယ်။

(၃)လေ့ကျင့်ခန်းလုပ်ခြင်း

ခါးနာခြင်းကို ဖြစ်စေတဲ့ အဖြစ်များတဲ့ အချက်တစ်ခုကတော့ အားကစားရုံမှာ (သို့) ဂေါက်ရိုက်တဲ့နေရာမှာ အလွန်အကျွံ ကစားခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ပတ်လုံး ဘာမှ မလုပ်ပဲ အပြင်းအထန် လုပ်မိရင်လည်း ပိုဖြစ်နိုင်ပါတယ်။

(၄)ကိုယ်နေဟန်ထား

မတ်မတ်ထိုင်သင့်ပါတယ်။ သင့်နောက်ကျောဟာ သင်မကုန်းနေဘူးဆိုရင် ကိုယ်အလေးချိန်ကို အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ မတ်တပ်ရပ်နေမယ်ဆိုရင်တော့ ခြေထောက်နှစ်ချောင်းပေါ်မှာ ကိုယ်အလေးချိန်ကို ညီမျှစွာ ကျစေသင့်ပါတယ်။

”ခါးနာခြင်းကို အိမ်မှာ ပြုစုခြင်း”

ခါးနာတာဟာ သူ့ဘာ့သူ ပျောက်သွားနိုင်ပါတယ်။ ဒါပေမယ့် သက်တောင့်သက်သာရှိဖို့တော့ လိုပါတယ်။ နာကျင်မှုကို ခဏသက်သာစေဖို့ အပူပေးထားတဲ့အဝတ် (သို့) ရေပူနဲ့ နေချိုးခြင်းတွေ ပြုလုပ်သင့်ပါတယ်။ ခါးနာနေရင် ကုတင်ပေါ်က မဆင်းချင်ကြပါဘူး။ ဒါပေမယ့် ကြွက်သားတွေကို ပိုမို အားစိုက်ရတာကြောင့် ဆရာဝန်တွေက တတ်နိုင်သလောက် ပုံမှန် လှုပ်ရှားမှုတွေကို မြန်မြန်လုပ်စေကြပါတယ်။ လေ့လာမှုတွေက တစ်ရက် (သို့) နှစ်ရက်လောက် အိပ်ရာပေါ်မှာလှဲနေခြင်းဟာ နာကျင်မှုကို ပိုဆိုးစေပြီး ကြွက်သားတွေရဲ့ တင်းခြင်းနဲ့ ပျော့ပျောင်းမှုကိုပါ လျော့ကျစေတယ်လို့ ဆိုပါတယ်။ သုံးလအတွင်းမသက်သာဘူးဆိုရင် ယောဂက ကူညီပေးနိုင်ပါတယ်။ လေ့လာမှုတစ်ခုက ယောဂကို ၁၂ ပတ်ပြုလုပ်သူတွေဟာ ခါးနာခြင်းကို သက်သာစေတယ်လို့ဆိုပါတယ်။ နှိပ်ခြင်းဟာလည်း အထူးသဖြင့် လေ့ကျင့်ခန်းနဲ့ အကြောဆန့်ခြင်းတွေပါ ပေါင်းလုပ်မယ်ဆို ခါးနာမှုကို သက်သာစေပါတယ်။

”ခါးနာခြင်းမှ ကာကွယ်ခြင်း”

အသက်ကြီးလာတာနဲ့ အမျှဖြစ်လာတဲ့ ခါးနာခြင်းကို ကာကွယ်ပေးဖို့ သေချာတဲ့ နည်းလမ်းမရှိပါဘူး။ လျှော့ချဖို့အောက်ပါတို့ကို ပြုလုပ်သင့်ပါတယ်။

  • ကျန်းမာတဲ့ကိုယ်အလေးချိန်ရှိအောင် နေထိုင်ခြင်း
  • လေ့ကျင့်ခန်း ပုံမှန် လုပ်ခြင်း
  • သင့်ရဲ့ခါးနဲ့ မဟုတ်ပဲ ခြေထောက်တွေနဲ့မခြင်း
  • သင်အလုပ်လုပ်ရာနေရာဟာ ခါးနာခြင်းကို မဖြစ်စေသင့်ပါဘူး။

ခါးနာခြင်းကို မိနစ်ပိုင်းအတွင်း ပျောက်ကင်းစေသည့် နည်းလမ်းကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

*ခါးနာခြင်း*

၁။ ကုလားထိုင်ပေါ်မှာ မတ်မတ်ထိုင်ပါ။

၂။ ခြေထောက်တစ်ဖက်ကို ရင်ဘတ်အထိ မြှောက်ပြီးတော့ လက်တစ်ဖက်နဲ့ ကိုင်ထားပါ။

၃။ ကိုယ်ခန္ဓါကို ရှေ့ကိုကုန်းပါ။

၄။ ဒီပုံစံကို စက္ကန့် ၃၀ လောက်ပြုလုပ်ပါ။

၅။ ခြေထောက်ကို ဖြည်းညင်းစွာ လွှတ်ပါ။

၆။ နောက်အခြားတစ်ဖက်ကို ပါ ပြုလုပ်ပါ။