ကြက်ဥကင်နဲ့ဆန်ပြုတ်

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၃ လုံး
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ပြောင်းဖူးစေ့ပြုတ် ထမင်းစားဇွန်း ၁ ဇွန်း (ပြောင်းဖူးစေ့တွေကို ချွေပြီး ရေနဲ့ ၅ မိနစ်ခန့် ကြိုပြုတ်ထားပါ)
  • ရေ ၂၅၀ မီလီလီတာ
  • ခနောဆန်ပြုတ် ၁ ထုပ်
  • ကြက်သွန်မြိတ် ၁ ပင် (ခပ်သေးသေးလှီးထားပါ)
  • ငရုတ်သီးအနီ ၂ တောင့်

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ကြက်ဥထိပ်လေးကိုပဲ ခွဲပြီး အထဲက အကာနဲ့ အနှစ်တွေကို ပန်းကန်လုံးတစ်လုံးထဲကို ဖောက်ချထားပါ။
  2. ကြက်ဥအကာနဲ့ အနှစ်တွေကို ရောမွှေပြီး ဆန်ကာနဲ့ စစ်ကာ ပန်းကန်လုံးထဲကို ပြန်ထည့်ပါ။
  3. မွှေထားတဲ့ ကြက်ဥနှစ်တွေကို ငရုတ်ကောင်းမှုန့်ဖြူးပြီး ပန်းကန်လုံးထဲမှာ ထပ်ခလောက်ပေးပါ။
  4. ပြီးရင်တော့ အဲဒီကြက်ဥမွှေထားတာကို ကြက်ဥခွံတစ်ခုစီထဲကို လေးပုံ သုံးပုံလောက် ရောက်တဲ့အထိ ဖြည့်ပေးရပါမယ်။
  5. ဖြည့်ပြီးသား ကြက်ဥတစ်လုံးစီကို ကြွေပန်းကန်လုံးသေးတစ်လုံးစီထဲ ထောင်ပြီး ထည့်ပါ။
  6. ပေါင်းအိုးထဲမှာ ရေနည်းနည်းထည့်ပြီး ပန်းကန်လုံးတွေကို နေရာချကာ မိနစ် ၂၀၊ ၃၀ လောက် မီးအေးအေးနဲ့ ပေါင်းပေးပါ။ အိုးအဖုံးကို အပြည့်မအုပ်ပဲ နည်းနည်းဟထားရပါမယ်။ အိုးအဖုံးအုပ်ထားရင် ကြက်ဥတွေ ပေါက်ထွက်တတ်လို့ပါနော်။
  7. ပေါင်းထားတဲ့ ကြက်ဥတွေ ရပြီဆိုရင်တော့ အိုးထဲမှ ထုတ်ကာ အကင်ဗန်း ဒါမှမဟုတ် မီးဖိုပေါ်မှာ နောက်ထပ်မိနစ်နည်းနည်းလောက် ထပ်ကင်ပေးပါ။
  8. အိုးအသစ်တစ်လုံးထဲကို ခနောဆန်ပြုတ်ဖောက်ထည့်ကာ ရေ ၂၅၀ မီလီမီတာထည့်ပြီး တည်ထားပါ။ ပွက်လာပြီဆိုတာနဲ့ မီးရှိန်လျှော့ပြီး ပြုတ်ထားတဲ့ ပြောင်းဖူးစေ့လေးတွေ ထည့်ကာ ၃ မိနစ်ကနေ ၅ မိနစ်ထိ မွှေပေးရပါမယ်။
  9. ဆန်ပြုတ်အသင့်ဖြစ်ပြီဆိုရင်တော့ ခုနကင်ထားတဲ့ ကြက်ဥလေးတွေထည့်၊ ကြက်သွန်မြိတ်လေးဖြူး၊ အစပ်ကြိုက်တတ်ရင် ငရုတ်သီးအနီ ၂ တောင့်လောက် ညှပ်ထည့်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။