အပူလျှပ်၍လေဖြတ်ခြင်း

ယခုခေတ်စားနေသော “Heat Stroke” ခေါ် “အပူလျှပ်၍လေဖြတ်ခြင်း” အကြောင်း သိထားသင့်သည်ထင်၍ ဖြစ်ခဲ့ကြပုံ ဇာတ်အလုံးစုံကလေးများကို သာဓကပြု၍တင်ပြလိုက်ရပါသည်။ အပူလွန်ကဲချိန်တွင် နေပူထဲမှပြန်လာသူတစ်ဦးသည် ရုတ်တရက် ရေမချိုးဖို့၊ ခြေလက်မဆေးဖို့၊ ဦးခေါင်း၊ ဇက်ပိုးစသည်တို့ကို ရေမစွတ်ဖို့သတင်းစာ၊ ရေဒီယိုစသည်တို့မှလည်း သတိပေး ကြေညာနေသဖြင့် အတော်များများ သိပြီးဖြစ်နေကြမည်ထင်ပါသည်။

နေပူထဲမှပြန်လာလျှင် ရေမချိုးရ၊ ရေမလောင်းရဟူသော အပြောနှင့်ပြောင်းပြန်ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါသည်။ ဂျာနယ်တစ်စောင်တွင် ပလိပ်မြို့နယ် ရွာတစ်ရွာမှမိန်းကလေးတစ်ဦးမှာ နေ့လယ်အိမ်အပြင်မထွက်မီကပင် ရေချိုး၊ သနပ်ခါးနံ့သာလိမ်းပြီးမှ သွားစရာရှိ သော တစ်ဖက်ရွာသို့ ခြေချင်းဝတ်ခန့်မြုပ်သည့်ချောင်းရေစပ်မှဖြတ်၍သွားခဲ့သည်။ အထက်ကနေ၊ အောက်ကရေဖြင့် အပူလျှပ်ပြီး လမ်းခရီးတွင်ပင် လဲကျသတိလစ်သွားခဲ့သည်။ ဆေးရုံရောက်သောအခါ အသက်မရှိတော့။ သက်ဆိုင်ရာဆရာဝန်များက လေဖြတ်၊ ဦးနှောက်သွေးကြောပြတ်သွားကြောင်းပြောသည်။

အထက်ပါဖြစ်ရပ်တွင် သတိချပ်ရန်မှာ နေပူထဲမှအပြန်ရေချိုးခြင်းမဟုတ်ဘဲ ရေချိုးပြီးမှနေပူထဲထွက်သူတွင် အပူ၊ အအေးဆန့် ကျင်ဘက်ဖြစ်ပြီး လေဖြတ်၊ ဦးနှောက်သွေးကြောပြတ်သွားရကြောင်း သတိပြုရပါမည်။ လွန်ခဲ့သော ၁၀ နှစ်ကျော်ခန့်ကလည်း အလွန် ပူပြင်းသောမေလတွင် ညောင်ဦးလေဆိပ်မှလာသော အလုံပိတ်၊ လေအေးစက်(Aircon) အပြည့်ဖွင့်ပေးထားသော ဘတ်စကားကြီးပေါ်မှအဆင်း၊ အာနန္ဒာစေတီအနီး ပြတိုက်ရှေ့နားတွင် နိုင်ငံခြားခရီးသည် အသက်ကြီးကြီးတစ်ဦးမှာ ရုတ်တရက် လမ်းသွားရင်း အပူရှိန်ကြောင့် ဒူးထောက်လဲကျသွားရာမှ လေဖြတ်သွားသည်ကို အမှတ်ရမိပါသည်။

ထို့အတူ ရန်ကုန်မြို့မီးပွိုင့်တစ်ခုတွင် မကြာသေးသောရက်ပိုင်းက Taxi ကားမောင်းသူတစ်ဦး Snow Towel ခေါ် ရေအေးဖတ် ကိုမျက်နှာပွတ်ပြီး ဂုတ်ပေါ်တင်ထားလိုက်ရာမှ ရုတ်တရက်သတိလစ်ပြီး မှောက်ကျသွားရာ ကားမထွက်သဖြင့် ယာဉ်ထိန်းကပြေး သွားကြည့်မှသေဆုံးနေသည်ကိုတွေ့ရကြောင်းကြားသိရသည်။ ထို့အတူ ဘတ်စကားကြီး မောင်းသူတစ်ဦးမှာလည်း ကားရပ်ပြီး ရေသန့်ဘူး ဆင်းဝယ်ကာ ရေသောက်ပြီးနောက် ခေါင်းပေါ်၊ လည်ကုပ်ပေါ်များသို့ ရေလောင်းချရာမှ ရုတ်တရက်တက်သွားပြီး ဆေးရုံပို့လိုက်ကြသည်။ ၎င်းသည် ကံကောင်းထောက်မ၍ အသက်မသေသော်လည်း ကိုယ်တစ်ခြမ်းလေဖြတ်ပြီး စကားလည်း မပြောနိုင်တော့ကြောင်းသိရသည်။

အပူဒဏ်ကိုသည်းမခံနိုင်တော့သဖြင့် ရေအေးကိုအငမ်းမရသောက်ခြင်း၊ ထို့ထက်ဆိုးသည်မှာ မျက်နှာသစ်ခြင်း၊ ကိုယ်ပေါ်လောင်းချ ခြင်းများကြောင့် ခန္ဓာကိုယ်တွင်အပူအအေး ဆန့်ကျင်ဘက်တိုက်ပွဲဖြစ်ကာ လေဖြတ်သွားရခြင်းဖြစ်ပါသည်။ မိတ်ဆွေ အရာရှိကြီး တစ်ဦးပြောကြားချက်မှာ သင်ခန်းစာယူစရာများပါသဖြင့် ထပ်ဆင့်ပြန်လည်တင်ပြလိုပါသည်။

သူသည်လွန်ခဲ့သောနှစ်အနည်းငယ် လေဖြတ်ဖူးသည်။ ပါးပါရွဲ့သွားပြီး စကားပြောလျှာလေးသွားဖူးသည်။ ဖြစ်ပုံမှာ သူရုံးလာလျှင် သူ့ရုံးခန်းကို သူ့တပည့်များက သန့်ရှင်းရေးလုပ်ပြီး လေအေးစက်ကိုအေးနေအောင် ကြိုတင်ဖွင့်ပေးထားသည်။ သူကလည်း သဘော ကျနေမိသည်။ တစ်ရက်တွင်တော့ သူစစ်ဆေးစရာရှိသော လုပ်ကွက်များတွင် ကွင်းဆင်းစစ်ဆေးပြီး နေပူထဲမှပြန်အလာ ရုံးခန်း အတွင်းသို့ဝင်လိုက်သည်နှင့် “မိုက်ခနဲ”ခေါင်းထဲတွင်မူးသွားပြီး ယိုင်လဲကျသွားသည်။ ဆေးရုံအရောက်စောသဖြင့်သာ ကံကောင်း၍ အသက်မသေသော်လည်း ကိုယ်တစ်ခြမ်းလေဖြတ်သလိုဖြစ်သွားသည်ကို တစ်လခန့်နားပြီး ကုလိုက်ရသည်။ ယခုအထိ စကားပြော လျှင် ပါးအနည်းငယ်ရွဲ့တာ ကျန်နေသေးသည်။ သည့်နောက်တွင် ရုံးပြန်တက်သောအခါ သူ့ရုံးခန်းကိုလေအေးစက်ကြိုပြီး ဖွင့်မထားခိုင်းတော့ပါ။ သူရောက်ပြီး အနားယူ၊ ရေတစ်ခွက်သောက်ပြီးမှ လေအေးစက်ကို အနိမ့်ဆုံးဒီဂရီမှစ၍ဖွင့်ခိုင်းသည်။ အနောက်တိုင်းလေ့လာချက်များအရ အခန်းအပူချိန်နှင့် လူ၏ခန္ဓာကိုယ်အပူချိန် ရုတ်တရက် ၁၅ ဒီဂရီစင်တီဂရိတ်ကွာခြားလျှင် Heat Stroke ရနိုင်သည်ဟုဆိုသည်။  ဥပမာ-ခန္ဓာကိုယ်အပူချိန်က ၉၀ ဒီဂရီစင်တီဂရိတ်ရှိပြီး အပြင်ရုတ်တရက်ထွက်လျှင် အပြင်အပူချိန်က ၁၀၅ ဒီဂရီစင်တီဂရိတ်ရှိနေလျှင် ရုတ်တရက်ဦးနှောက်သွေးကြောပြတ်  လေဖြတ်သွားနိုင်သည်။ ထို့အတူ ၁၀၅ ဒီဂရီစင်တီဂရိတ် အပူရှိသော အပြင်မှပြန်လာပြီး ၉၀ ဒီဂရီစင်တီဂရိတ်အောက်အေးနေသော အခန်းအတွင်းသို့ ရုတ်တရက်ဝင်လျှင်လည်း လေဖြတ် နိုင်ပါသည်။

စာရေးသူအိမ်မှသမီးငယ်တစ်ဦးမှာ အပြင်မှပြန်လာလျှင် ဆံပင်ဖြန့်ချ၍ ပန်ကာရှေ့မှာသွားရပ်ပြီး ခေါင်းငုံ့လေအေးခံလေ့ရှိသဖြင့် မကြာခဏလှမ်းအော်ပြီး သတိပေးရပါသည်။ ပန်ကာလေကြောင့်လည်း လေဖြတ်နိုင်ပါသည်။ နေပူထဲမှပြန်လာလျှင် ရေအေး တစ်ခွက် သောက်သင့်ပါသည်။ သို့သော် ရောက်ရောက်ချင်းအငမ်းမရ၊ အဆောတလျင်မသောက်သင့်ပါ။ ခေတ္တနားပြီး ၁၀ မိနစ်၊ ၁၅ မိနစ်ခန့်ကြာမှသောက်သင့်ပါသည်။ ရေကလည်း  ရေခဲရေ၊ ရေခဲသေတ္တာထဲမှရေအေးကို မသောက်သင့်ပါ။ ရေခဲတုံးများ အပြည့်ထည့် ထားသောဖျော်ရည်များ၊ သံပရာရည်ချဉ်ချဉ်များ မသောက်သင့်ပါ။ အသင့်အတင့်အေးသောရေ၊ မြေအိုးတွင်ထည့်ထားသော ရေအေးမျိုးကိုသာသောက်ပါ။

ရေခဲရေသောက်ခြင်းကြောင့် လည်ချောင်းနှင့် အစာအိမ်မှာရှိနေသော အပူဓာတ်မှာ ရုတ်တရက်ငုံ့လျှိုးပြီး လည်ချောင်းနာခြင်း၊ အသံဝင်ခြင်း၊ အစာအိမ်ရောင်ခြင်း၊ အသည်းရောင်ခြင်း၊ ပန်ကရိယရောင်ခြင်းများ ဖြစ်တတ်ပါသည်။ တိုင်းရင်းဆေးပညာ အယူအဆ အရ ရေခဲရေသည် ဝမ်းမီးကိုငြိမ်းစေ၊ ပျက်စေတတ်သဖြင့် ရေခဲရေအမြဲသောက်နေသူများမှာ အစာမကြေရောဂါရလာတတ်ပါသည်။ အအေးကြောင့်ဖြစ်သောဒဏ်၊ အပူကြောင့်ဖြစ်သောဒဏ်များကို ခန္ဓာကိုယ်ကြီးက ခံရစမြဲဖြစ်ရာ အပူဒဏ်ကို ကာကွယ်ရမည်ဖြစ် သော်လည်း တတ်နိုင်သမျှ သည်းခံပြီးနေသင့်သည်။ ရုတ်တရက်ဆန့်ကျင်ဘက်မပြုရ။  အပူမှအအေးရှိရာသို့  ရုတ်တရက်မသွားရ။

အပူအအေးဝိရောဓိကြောင့် ခန္ဓာကိုယ်တွင်းမှ သွေးကြောများပေါက်ပြီး အသက်ဆုံးရှုံးရသည်အထိ ဖြစ်လာတတ်ပါသည်။ အလွန်အကဲမပူလျှင် သည်းခံပြီးသင့်တင့်သောနေရာတွင် နေကာ အပူကိုဖျောက်ကြပါ။ သင့်တင့်ရုံအေးသောရေကိုသာ သောက်သုံး ပါဟု အကြံပြုလိုက်ပါသည်။  ။

ကြည်လွင်မြင့်(မုဒြာ)

ဆောင်းပါး