သပ်သွင်းကိုင်းဆက်မျိုးပွားနည်းအကြောင်း သိကောင်းစရာ

စိုက်ပျိုးရေးဝါသနာရှင်လေးများအတွက် အလွယ်ကူဆုံး ကိုင်းဆက်နည်းလေးကို ရေးသား ဖော်ပြပေးလိုက်ပါတယ်ရှင်။
သပ်သွင်းကိုင်းဆက်နည်း (Wedge and Cleft Grafting)
ကိုင်းဆက်တဲ့အခါ ပျိုးပင်ထုတ်လုပ်မှု စရိတ်သက်သာခြင်း၊ တစ်ပိုင်တစ်နိုင် ကိုင်းဆက်နိုင်တဲ့ အပင်ဦးရေများခြင်း၊
ကာလတိုအတွင်း သန်စွမ်းသောပျိုးပင်ဖြစ်လာခြင်းစတဲ့ အကြောင်းတွေကြောင့် အသုံးများတဲ့ကိုင်းဆက်နည်းလေးဖြစ်ပါတယ်ရှင်။
(၁)မျိုးကိုင်းရွေးချယ်ခြင်း
အဖူးကိုင်းကို အစိမ်းရင့်ရောင်ရှိတဲ့ အပင်ရဲ့ အဖျားပိုင်းအကိုင်းမှ ရွေးချယ်ပါ။ အဖူးကိုင်းကို ရွေးချယ်ဖြတ်ယူရာမှာ
အရှည် ၂-၆ လက်မ၊အချင်း ၀.၂၅-၀.၅၀ လက်မအရွယ်ရှိပြီး အဖူး ၂-၄ ဖူး ပါရှိရပါမယ်။
အရွက်ကြားမှာရှိတဲ့ အဖူးများ ထင်ရှားစွာ ပြူထွက်နေရပါမယ်။ ၎င်းအဖူးကိုင်းကို မျိုးကိုင်းအဖြစ် ဖြတ်ယူကိုင်းဆက်နိုင်ပါတယ်။
(၂)အကိုင်းဆက်ရန် မျိုးကိုင်း (Scion) အားပြင်ဆင်ခြင်း
ရွေးထားတဲ့ မျိုးကိုင်းရဲ့ အရင်းဘက်မှာ မျက်နှာပြင်နှစ်ဖက်လုံးကိုသပ်ပုံသဏ္ဍာန်ရအောင် ဓားထက်ထက်ဖြင့်တစ်စောင်းလှီးဖြတ်ပါ။
မျက်နှာပြင် နှစ်ဖက်စလုံးရဲ့ အရှည်ဟာ ၁-၁.၅လက်မရှိရပါမယ်။ မျက်နှာပြင်ကို လက်နှင့်မထိရပါ။
(၃)အောက်ခံပင်တွင် အကိုင်းဆက်ရန် ပြင်ဆင်ခြင်း
ပင်စည်အချင်း ၀.၅ လက်မ အရွယ်ရှိပြီး ကိုင်းဆက်ဖို့အသင့်ဖြစ်နေတဲ့ အောက်ခံပင်ကို အရွက် ၂ – ၃ ရွက် ချန်ပြီး
အပေါ်မှဓားဖြင့် တိတိရိရိဖြတ်ပါ။ ဖြတ်ထားသောနေရာမျက်နှာပြင်တွင် ဓားထက်ထက်ဖြင့်
၁-၁.၅ လက်မ အနက်ရအောင် ခွဲပေးပါ။
(၄)အကိုင်းဆက်ခြင်း
မျိုးကိုင်းအရင်းက သပ်ပုံမျက်နှာပြင်ကို ထိပ်မျက်နှာပြင် ခွဲထားတဲ့ အောက်ခံပင်အတွင်းကို ထည့်ပါ။
အောက်ခံပင်နဲ့ မျိုးကိုင်းဟာ လုံးပတ်တူညီပြီး မျက်နှာပြင်များ ထပ်တူညီပါက သပ်ထိုးသွင်းသည့်အခါ ကွက်တိဖြစ်နေပါလိမ့်မယ်။
လက်မဝက်အရွယ်ရှိသော ပလတ်စတစ်အစဖြင့် ဆက်ထားတဲ့နေရာရဲ့ အောက်ဖက်ကစပြီး အပေါ်ကို တင်းကျပ်စွာ ရစ်ပတ်ပါ။
ပလတ်စတစ်ပတ်ချိန်မှာ ဆက်ထားတဲ့နေရာကို ‌ရေမခို၊ လေမခိုစေရန် အထူးသတိပြုပါ။
မျိုးကိုင်းကို ရေငွေ့ဆုံးရှုံးမှုနည်းအောင် ပလတ်စတစ်အိတ်အကြည်ဖြင့် လုံခြုံစွာ ဖုံးအုပ်ပေးထားရပါမယ်။
ကိုင်းဆက်ထားတဲ့ အပင်ကို နေရောင်နဲ့ တိုက်ရိုက်မထိတွေ့ပါစေနဲ့။
၂-၃ပတ်ကြာတဲ့အခါ အညွန့်သစ်တွေ ထွက်စပြုလာတာနဲ့ ပလတ်စတစ်အဖုံးကို ဖယ်ပေးလိုက်ပါ။
ဒီနည်းလေးကို လက်တွေ့အသုံးချပြီး တစ်ပိုင်တစ်နိုင်ပဲဖြစ်ဖြစ်၊ စီးပွားဖြစ်ပဲဖြစ်ဖြစ် စိုက်ပျိုးအောင်မြင်ကြပါစေနော်. . .