အပင်တစ်သျှူးမွေးမြူခြင်း၏အားသာချက်များနှင့် အားနည်းချက်မျာ

အပင်တစ်သျှူးမွေးမြူခြင်းဆိုသည်မှာ အပင်၏တစ်သျှူးများ၊ ဆဲလ်များ (သို့) အစိတ်အပိုင်းများကို ပိုးသန့်ထားသောအခြေအနေတွင်မွေးမြူပြီး အပင်သစ်တစ်ပင်ရရှိလာအောင် မွေးမြူသောနည်းလမ်းဖြစ်ပါသည်။ အပင်တစ်သျှူးမွေးမြူခြင်းသည် Totipotency ဟုခေါ်သောအချက်ပေါ်တွင်မူတည်ပါသည်။ Totipotency ဆိုသည်မှာ အပင်ဆဲလ်များ၊ အပင်၏အစိတ်အပိုင်းများမှ အခြားသောအပင်သစ်တစ်ပင်ထုတ်လုပ်ပေးနိုင်သည့်စွမ်းရည်ဖြစ်ပါသည်။ အပင်တစ်သျှူးမွေးမြူခြင်းနည်းဖြင့်မျိုးပွားခြင်းသည် သမရိုးကျမျိုးပွားခြင်းထက် အကျိုးကျေးဇူးများပိုမိုရရှိနိုင်ပါသည်။

အပင်တစ်သျှူးမွေးမြူခြင်းကို အသုံးပြုခြင်းအားဖြင့်….

-အပွင့်များခြင်း၊ အသီးသီးအားကောင်းခြင်း စသောမိမိတို့လိုချင်သောလက္ခဏာများပါရှိသည့် မိခင်ပင်နှင့်ထပ်တူကျသောဗီဇများပါဝင်သည့် အပင်သစ်များရရှိနိုင်ခြင်း

-အရွယ်ရောက်အပင်များကို အချိန်တိုအတွင်းထုတ်လုပ်ပေးနိုင်ခြင်း

-အစေ့ကင်းမဲ့သောအခြေအနေမှာပင် အပင်များစွာထုတ်လုပ်ပေးနိုင်ခြင်း

-ဗီဇပြုပြင်ထားသောအပင်ဆဲလ်များမှ အပင်သစ်တစ်ပင်ပြန်လည်ရရှိအောင် လုပ်ဆောင်နိုင်ခြင်း

-ပိုးသန့်ထားသောခွက်များအတွင်း အပင်များကိုစိုက်ပျိုးထားသောကြောင့် ၎င်းတို့အား သယ်ယူရွှေ့ပြောင်းရာတွင် ရောဂါများပျံ့နှံ့ခြင်း၊ ပိုးမွှားများပျံ့နှံ့ခြင်းများကို အတန်အသင့်လျော့ကျစေခြင်း

-သဘာဝနည်းအားဖြင့်အပင်ပေါက်ရန်ခဲယဉ်းသောအပင်များ (ဥပမာ သစ်ခွ၊ ရေတကောင်းပင်များ )ကိုလွယ်ကူစွာမျိုးပွားပေးနိုင်ခြင်း

-ဗိုင်းရပ်စ် နှင့်အခြားရောဂါများကျရောက်နေသောအပင်များကို လွယ်ကူစွာဖယ်ရှားနိုင်ခြင်း

-အချိန်တိုအတွင်းအပင်မြောက်များစွာထုတ်လုပ်နိုင်ခြင်း

-နေရာအနည်းငယ်သာလိုခြင်း

-ဗိုင်းရပ်စ်ရောဂါကျရောက်နေသောအပင်၏ ဆဲလ်ကွဲပွားတစ်သျှူး (Meristematic tissue) မှတစ်ဆင့်ဗိုင်းရပ်စ်ရောဂါကင်းစင်သော အပင်သစ်ကိုပြန်လည်ထုတ်လုပ်ပေးနိုင်ခြင်း

တစ်လုံးတည်းရှိသောဆဲလ်များ၊ ‌ဆဲလ်နံရံကင်းမဲ့သောဆဲလ်များ၊ အရွက်များ၊ ပင်စည်နှင့်အမြစ်များကို လိုအပ်သောအာဟာရနှင့် ဟော်မုန်းများထောက်ပံ့ပေးထားသောအာဟာရပြင်ပေါ်တွင် မွေးမြူပြီး အပင်သစ်များစွာထုတ်လုပ်ပေးနိုင်ပါသည်။ 

       အပင်တစ်သျှူးမွေးမြူခြင်းနည်းပညာကိုလုပ်ဆောင်ရာတွင် အားသာချက်သာများမက အားနည်းချက်များလည်းတွေ့ရပေသည်။ အားနည်းချက်များအနေဖြင့် …..

-ကျွမ်းကျင်သောလုပ်သားများလိုအပ်ခြင်း

-ဓာတ်ခွဲခန်းနှင့်အခြားသောလိုအပ်ချက်များအတွက် ကုန်ကျစရိတ်များလွန်းခြင်း

-ရရှိလာသောအပင်များမှာ ဗီဇတူညီမှုများရှိသဖြင့် ဗီဇကွဲလွဲမှုများနည်းပါးလာခြင်း

-ပြုပြင်ဖန်တီးထားသောပတ်ဝန်းကျင်တွင်ရှင်သန်လာရသောကြောင့် သဘာဝပတ်ဝန်းကျင်ဒဏ်ကိုခံနိုင်ရည်နည်းပါးခြင်း

-လုပ်ဆောင်သည့်နည်းလမ်းများမမှန်ကန်ပါက မလိုလားအပ်သောရောဂါပိုးများဝင်ရောက်ခြင်း

စသည်တို့ဖြစ်တတ်ပါသည်။

ကျမ်းကိုး ။ HSC-4110: Plant Tissue Culture

“အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်”