ဝန်ထမ်းတွေ နေ့လည်စာထည့်မလာဘဲ ဝယ်စားရတဲ့အကြောင်းရင်းများ

ဝန်ထမ်းတွေအနေနဲ့ အိမ်က ထမင်းဘူးမထည့်လာဘဲ နေ့လည်စာဝယ်စားရတဲ့ အကြောင်းအရင်းတွေထဲမှာမှ (၃၆) ရာခိုင်နှုန်းက ဟင်းအစုံ စားချင်လို့၊ (၃၁) ရာခိုင်နှုန်းက အပြင်ထွက်ရတဲ့ အားလပ်ချိန်မျိုးကို ကြိုက်ကြလို့၊ (၃၀) ရာခိုင်နှုန်းက နေ့လယ်စာအတွက် ချက်ပြုတ်ပြင်ဆင်ဖို့ အချိန်မရှိလို့၊ အစရှိတာတွေကြောင့် ဖြစ်ပါတယ်။ တကယ်လို့ သင်သာ ဝန်ထမ်းတစ်ဦးသာ ဖြစ်တယ်ဆိုရင် ဘယ်အချက်နဲ့ အကိုက်ညီဆုံးလဲဆိုတာကို သိပါရစေ။

လက်ရှိ မျက်မှောက်ခေတ်ကာလက ဘယ်ဝန်ထမ်းပဲ ဖြစ်ဖြစ် အိမ်ကနေ ထမင်းဘူးထည့်လာတာထက်စာရင် အပြင်မှာဝယ်စားတာ ပိုများလာကြပါတယ်။ ထမင်းဘူးထည့်လာတဲ့ လူတချို့တာင် သောကြာနေ့ရောက်ရင် ထမင်းဘူးထည့်မလာလေ့ရှိကြပါတယ်။ အင်္ဂလန်နိုင်ငံက လေ့လာမှုတစ်ခုက အချိန်ပြည့်ဝန်ထမ်း နဲ့ အချိန်ပိုင်းဝန်ထမ်းတွေ အယောက် (၁၂၀၀) ကျော်မှာ (၆၅) ရာခိုင်နှုန်းက နေ့လည်စာကို ဝယ်စားကြပါတယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့်လည်း အင်္ဂလန်နိုင်ငံမှာ နေ့လည်စာဝယ်စားရင် ပျမ်းမျှအားဖြင့် (၄) ခုလောက် ဝယ်စားရတာကြောင့် ထုတ်ပိုးထားတဲ့ ပလတ်စတစ်တွေကို အလဟဿဖြစ်စေပြီး၊ ပလတ်စတစ်အများစုကို ပြန်လည် အသုံးပြုလို့မရတာကြောင့် အပြင်ထွက်ဝယ်စားတာကို ကန့်ကွက်လာကြပါတယ်။ ဒါကြောင့်၊ ပတ်ဝန်းကျင်လူမှုရေးအဖွဲ့အစည်း ဟူဘတ် (Hubbub) က အင်္ဂလန်နိုင်ငံက လူတွေကို နေ့လည်စာ စားသုံးမှုကို ပြင်ဆင်ဖို့ တိုက်တွန်းထားပါတယ်။

ဟူဘတ် အဖွဲ့အစည်းက အစားအစာ နဲ့ ပလတ်စတစ် စွန့်ပစ်တာတွေကို လျှော့ချဖို့အတွက် နေ့လည်စာ စားသုံးနည်းကို ပြန်လည်စဉ်းစားခိုင်းတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာက နေ့လည်စာကို အပြင် ထွက်စားလိုက်မယ်ဆိုရင် အိမ်မှာစားရသလို ပန်းကန်၊ ဟင်းခွက်တွေနဲ့ စားရသေးတာကြောင့် ပလတ်စတစ် စွန့်ပစ်မှုနည်းတာပေါ့လို့ ချေပနိုင်ပေမယ့်လည်း နေ့လည်စာ ထွက်စားတဲ့အခါမှာ ကုန်အောင် မစားဖြစ်ရင်တော့ အစားအစာ စွန့်ပစ်မှုတွေ ရှိနေဦးမှာဖြစ်ပါတယ်။