သင်္ဘောပင်စိုက်ပျိုးနည်း

၁။ ရာသီဥတု လိုအပ်ချက်
သင်္ဘောပင်သည် အပူပိုင်းပင် ဖြစ်သော်လည်း အပူလျော့ပိုင်းဒေသများတွင်ပါ စိုက်ပျိုးကြသည်။ သာယာ
ကောင်းမွန်သော ရာသီဥတုရှိသည့် တောင်ပေါ်ဒေသများသည်လည်း သင်္ဘောပင် စိုက်ပျိုးရန် အကောင်းဆုံးနေရာများ
ဖြစ်သည်။ အပူချိန်နှိမ့်ပြီး ဆီနှင်းများရှိတောင်ပေါ်ဒေသများသည် စိုက်ပျိုးရန် အကန့်အသတ်ရှိသည့်နေရာများ ဖြစ်သည်။
ဆောင်းတွင်း ညအပူချိန် အရမ်း ကျဆင်းလျှင် အသီးကြီးထွားမှုနှေးကွေးပြီး အသီးအရည်အသွေး မကောင်းနိုင်ပါ။
ပင်လယ်ရေ မျက်နှာပြင် အမြင့်ပေ ၃၃၀ဝ ထိ စိုက်ပျိုးနိုင်သည်။ သို့သော် အမြင့်ပေ ၁၈၀ဝ အထက်မှစ၍ အသီး
အရွယ်နှင့် အရည်အသွေးမှာ အနည်းငယ် ကျဆင်းသွားမည် ဖြစ်သည်။ အပူချိန် ၂၅ ဒီဂရီမှ ၃၅ ဒီဂရီ စင်တီဂရိတ်သည်
အကောင်းဆုံး အပူချိန် ဖြစ်သည်။
၂။ သင်္ဘောပင်အတွက် သင့်တော်သောမြေ
သင်္ဘောပင်အားမြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း သဲဆန်သော၊ စေးသော၊ ကျစ်သောမြေများတွင် မဖြစ်ထွန်းပါ။
သင်္ဘောပင်၏ အမြစ်များသည်ရေဝပ်ခြင်း၊ ရေမြုပ်ခြင်းဒဏ်ကို ခံနိုင်ရည် မရှိပါ။ ၂ ရက်ခန့် ရေမြုပ်လျင်ပင်
သင်္ဘောပင်ကိုသေစေသည်။ မြေစေးခြင်း၊ မိုးများပြီးရေဝပ်ခြင်း၊ အမြစ်တွင်ရောဂါ ကျရောက်ခြင်း များသည်
သင်္ဘောပင်များကို အချိန်တိုအတွင်းသေစေနိုင်သည်။ ထို့ကြောင့် ညီညာသောမြေထက်အနည်းငယ် ကုန်းလျော ဖြစ်နေသောမြေ
သည် သင်္ဘောပင်အတွက် ပိုမိုကောင်းမွန်မည်။
၃။ မျိုးပွားခြင်း
သင်္ဘောပင်အား အစေ့မှ မျိုးပွားယူသည်။ မျိုးပွားရန်အတွက်ရောဂါကင်းသော အမပင်မှ ကျန်းမာသော၊ ကြီးမားသော၊
ကောင်းစွာရင့်မှည့်သော သင်္ဘောအသီးမှ အစေ့များကို စုဆောင်းပါ။ တစ်ခါတစ်ရံတွင် ၄၅ ရက်သားရှိ အစေ့များသည်
အပင်ပေါက်ရာခိုင်နှုန်း ကျဆင်းသွားသောကြောင့် အပင်မပေါက်သည်များ ရှိသည်။ သင်္ဘောစေ့များပေါ်ရှိ အကျိအချွဲများကို
ဖယ်ရှားလိုက်ပါက အကျိအချွဲများ ရှိနေသည့် အစေ့များထက် အပင်ပေါက်မြန်သလို၊ အပင်ပေါက်လည်း ညီညာမည်
ဖြစ်သည်။ အကျိအချွဲများကို ဖယ်ရှားရန် အစေ့များကို ရေပုံးတွင်ရေထည့်ကာ ၂-၃ ရက်ခန့် အချဉ်ဖောက်ခြင်းဖြင့်
ဖယ်ရှားနိုင်သည်။ ၎င်းအချဉ်ဖောက်ထားသော အစေ့များကို မီးဖိုပြာဖြင့် လူးကာ ဂုံနီစဖြင့် ပွတ်ခြင်းအားဖြင့်ပြောင်စင်အောင်
ဖယ်ရှားနိုင်မည်။ ၎င်းအစေ့များကိုရေပုံးထဲထည့်ကာ ထပ်မံဆေးကြောပါ။ အစေ့များကို တိုက်ရိုက် စိုက်ပျိုးနိုင်ပြီး၊
မစိုက်ပျိုးလိုပါက အရိပ်တွင် အခြောက်ခံကာလေလုံသော ဗူးများဖြင့် သိမ်းဆည်းပါ။ သို့သော် အစေ့များကို
နေရောင်အောက်တွင် အခြောက်မခံပါနှင့် အပင်မပေါက်နိုင်သည့် အစေ့များ ဖြစ်သွားနိုင်သည်။
၅။ စိုက်ပျိုးရန်မြေပြင်ခြင်း
ရေဆင်းကောင်းသော ယာမြေအမျိုးအစားကိုရွေးချယ်ပါ။ ဟင်းလင်းဖြစ်နေသော စိုက်ခင်းသည်လေတိုက်
ခံရမည်။ ထို့ကြောင့် စိုက်ခင်းဘေးတွင်လေကာပင်များ တန်းစီကာ စိုက်ပျိုးပေးပါ။
၆။ စိုက်ပျိုးခြင်း
ပျိုးပင်- သင်္ဘောသီးမျိုးစေ့ (သို့) တစ်သျှူးမျိုးများခြင်းနည်းဖြင့် စိုက်ပျိုးသည်။ မျိုးစေ့နှုန်းသည် ၁ ဧက လျှင်
၁၀ဝ-၁၂၅ ဂရမ် (၆-၇ကျပ်သား) ခန့် လိုအပ်သည်။ အပင်ငယ်များကို အထူ ၄ လက်မ၊ အနံ ၃ ပေနှင့်
အလျား ၉ ပေခန့် ကျယ်သော ပျိုးဗန်းတွင် ပျိုးထောင်ပါ။ မျိုးစေ့များကို မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် စီရင်ပြီး အနက်
လက်မဝက်ခန့်နှင့် တစ်တန်းနှင့် တစ်တန်း ၄ လက်မခန့် ခွာကာ အပေါ်မှမြေဆွေးမှုန့်ဖြင့် ပြန်အုပ်ပေးပါ။
မနက်ခင်းပိုင်းတွင်ရေအနည်းခန့်သာလောင်းပေးရန် လိုအပ်ပါသည်။ ပျိုးခင်းဗန်းအား ပလပ်စတစ်စ (သို့)
မဟုတ်ကောက်ရိုးတို့ဖြင့် ဖုံးအပ်ထားပါ။ ၂ လခန့်ကြာသောအခါ ၆ လက်မ-၈ လက်မခန့် အရှည်ရှိသော
သင်္ဘောပင်ငယ်များကို စိုက်ခင်းသို့ပြောင်းရွေ့စိုက်ပျိုးပါ။
၇။ စိုက်ပျိုးရန်အကောင်းဆုံးအချိန်
သင်္ဘောပင်အားဆောင်းနှောင်း (ဖေဖော်ဝါရီ-မတ်)၊ မုတ်သုန်အချိန် (ဇွန်၊ ဇွန်လ)
နှင့်ဆောင်းပိုင်း (အောက်တိုဘာ၊ နိုဝင်ဘာလ) များတွင် စိုက်ပျိုးနိုင်သည်။
၈။ ပင်ကြားတန်းကြား
၆ပေ ပတ်လည် အကွာအဝေးဖြင့် အစိုက်များသည်။ သို့သော် ၅ပေ ပတ်လည်ဖြင့် စိုက်ပျိုးပါက
အထွက်ပိုမည်ဟု ဆိုကြသည်။
၉။ စိုက်နည်းစနစ်
ပျိုးပင်များကို၂ ပေ ပတ်လည် ၂ ပေ အနက်ရှိသော စိုက်ကျင်းတွင် ထည့်စိုက်ပါ။ နွေအခါများတွင်
စိုက်ကျင်းအား ၂ ပတ်ခန့် ကြိုတူးထားရမည်။ ထို့နောက် ၎င်းစိုက်ကျင်းအား အပေါ်ယံမြေနှင့်မြေဆွေး ၁၂ ပိဿာ၊
တမာကြိတ်ဖက် ၆၀ သား၊ အရိုးမှုန့် ၆၀ ကျပ်သားခန့်ရော၍ ထည့်သွင်းပါ။ သန်စွမ်းသော အပင်ကြီးများကို ချဲ့စိုက်ပြီး
အပင်ပုသော၊ အလယ်အလတ်ရှိသော မျိုးများကို စိပ်စိပ် စိုက်ပျိုးပါ။
၁၀။ မြေဆွေးနှင့်မြေသြဇာများ ထည့်သွင်းခြင်း
သင်္ဘောပင်သည်မြေဆွေးနှင့်မြေသြဇာများ ကျွေးရသောအပင် ဖြစ်သည်။ သင်္ဘောပင်၏ စိုက်ကျင်းတွင်မြေခံအဖြစ် မြေဆွေး
ထည့်သော်လည်း နိုက်ထရိုဂျင်ဓါတ်၊ ဖော့စပရပ်ဓါတ်၊ ပိုတက်စီယံဓါတ် တစ်နည်းအားဖြင့် ယူရီးယား၊ တီစူပါ၊ ပိုတက်အား
အထွက်ကောင်းရန် ထည့်ပေးရမည်။ သင်္ဘောပင်အတွက် ပြောင်းရွေ့စိုက်ပြီးချိန်မှ ပန်းပွင့်သည်ထိ အချိန် (၅) လ သည်
အပင်အာဟာရအတွက် အလွန်အရေးကြီးသည်။ ပန်းမပွင့်မီ ပင်စည်ကြီးထွားမှုရှိလျှင် သန်မာသော သီးနှုန်းကောင်းသော
အပင်အဖြစ် မှတ်ယူနိုင်သည်။ အကယ်၍ အဆိုပါ (၅)လ အတွင်း အာဟာရ မပြည့်မီဘဲ အပင်အားနည်းနေပါက
အပင်နောက်ပိုင်း သီးနှုန်းကိုလည်း ဆိုးရွားစွာ ထိခိုက်လိမ့်မည်။ ထို့ကြောင့်မြေသြဇာများကို ပန်းမပွင့်မီ အချိန်တွင်
ကျန်းမာသန်စွမ်းသည့် အပင်ဖြစ်ရန်နှင့် တောက်လျောက် သီးအား ရရှိရန်နှင့် ကြီးထွားမှု ထိန်းသိမ်းရန် သင့်လျော်သော
နှုန်းထားဖြင့် အကြိမ်ခွဲကျွေးပါ။ မြေသြဇာများကို သင်္ဘောပင် ပတ်လည်ရှိရေသွင်းမြောင်းတွင်သာ တူးဆွ၍မြေနှင့် သမအောင်
လုပ်ပါ။ အသီးမခူးမီ ၆ လ အလိုတွင်မြေသြဇာကျွေးခြင်းအား ရပ်နားရမည်ဖြစ်သည်။
၁၁။ ရေသွင်းခြင်း
ဒေသအလိုက် ရာသီဥတု၊ မြေအမျိုးအစားကိုလိုက်၍ရေသွင်းသည့် အစီအစဉ်ကို သတ်မှတ်ထားရမည်။ ပထမနှစ်တွင်‌
ရေများကို သဘောင်္ပင်သို့ အဖိတ်အစင်မရှိ ထိထိရောက်ရောက် သွင်းပေးရမည်။ ဒုတိယနှစ်တွင်ဆောင်းတွင်ပိုင်း၌ (၁၄) ရက်ခြား
တစ်ကြိမ်၊ နွေရာသီတွင် (၁၀) ရက်ခြား တစ်ကြိမ်ရေသွင်းပေးပါ။ သင်္ဘောပင်အား အပင် ပတ်လည် ဝိုက်၍ရေသွင်းကြသည်။
မိုးနည်းသော အရပ်များတွင်ရေပန်းစနစ်၊ အစက်ချစနစ် တို့ကိုကျင့်သုံးနိုင်သည်။
၁၂။ ပိုးမွှားနှင့်ရောဂါများ
အတွေ့များသည် ပိုးကောင်များကတော့ သီးထိုးယင်၊ ဓားခုတ်ကောင်၊ ပျ၊ မွှားပင့်ကူနီ၊ ပင်စည်ထိုးပိုး၊ ကျိုင်းကောင်တို့ဖြစ်သည်။
ဒဏ်ရာ အနာတရဖြစ်သော အပင်အစိတ်အပိုင်းများကို ဖယ်ရှာပြီး ဒိုင်မီသိုအိတ်ဆေးဖျန်းပါ။ အတွေ့ရများသောရောဂါများမှာ ဖားဥမှိုရောဂါ၊ ဒေါင့်ကွက်ရောဂါ၊ ပင်ညှိုးရောဂါ၊ ပင်စည်ပုပ်ရောဂါတို့ဖြစ်သည်။ ၎င်းရောဂါများအတွက် ဆလဖာ၊ ကာဗာဒါဇင်၊ သိုင်အိုဖီးနိတ်မီသိုင်း၊ မန်ကိုဇက်တို့ကို စသည့်ဓာတုဆေးတို့အသုံးပြုနိုင်သည်။
၁၃။ ခူးဆွတ် ရိတ်သိမ်းခြင်း
အရောင်၊ အရွယ်အစား၊ အလေးချိန် အလိုက် အသီးများကို ခွဲခြားပါ။ ထိခိုက်လွယ်သော အသီးများ ဖြစ်သောကြောင့်သေချာ မခူးဆွတ်ပါက ကောင်းသည့် အသီးများပင် ပျက်စီးသွားတတ်သည်။ သဘောင်္သီးများကို အပင်မှာကောင်းစွာ ရင့်မှည့်သည်အထိ ထားသင့်သည်။
သာမန်အားဖြင့် အရွယ်အစား ပြည့်မီပြီး ထိပ်ဖျားဝါသော အစိမ်းနုရောင် အသီးများကို ခူးဆွတ်ကြသည်။ ရင့်မှည့်သည့်အခါ
အချို့မျိုးများသည် အဝါရောင်ဖြစ်ပြောင်းသော်လည်း အချို့မှာ အစိမ်းရောင်အတိုင်း ရှိသည်။ သင်္ဘောစေးးသည် နို့ရည်ကျဲကျဲဖြစ်သောအခါ ခူးဆွတ်ဖို့ အချိန်တန်ပြီဖြစ်သည်။
(အစိမ်းရောင်လမ်းမှကူးယူဖော်ပြသည်)