စပါးနဲ့ ဆန်အမျိုးအစားအားလုံးနီးပါးဈေးမြင့်တက်လာ

ပြည်တွင်း စပါးဈေးဟာ မကြုံစဖူး တင်း ၁၀၀ ကို ကျပ် ၁၆ သိန်းအထိ တက်လာခဲ့ပြီး ဆန်ဈေးတွေကလည်း နှစ်စပိုင်းကစလို့ ဈေးနှုန်းမြင့်တက်လာတယ်လို့ ဆန်စပါးရောင်းဝယ်သူတွေဆီက သိရပါတယ်။

လာမယ့်နွေနဲ့ မိုးကာလမှာ စပါးအထွက်နှုန်း နည်းနိုင်လိမ့်မယ်လို့ ဆန်ကုန်သည်တွေက တွက်ထားကြပြီး ဈေးကွက်ထဲ ကြိုပွိုင့်နဲ့ ရသလောက် ဝယ်ယူစုဆောင်းတာတွေကြောင့် တောင်သူစပါးအရနည်းချိန်နဲ့ ဝယ်လိုအားများနေချိန် ဖြစ်လို့ စပါးဈေး အမြင့်ဆုံးကိုရောက်လာတာလို့ သိရပါတယ်။

ဒေသတွင်းမတည်ငြိမ်မှုတချို့ကြောင့် အရင်ထက် စပါးစိုက်ဧကတွေနည်းခဲ့သလို သွင်းအားစုကုန်ကျစရိတ် အဆမတန်ကြီးမြင့်လာတာကြောင့် စပါးအထွက်နှုန်းက သိသိသာသာကျဆင်းလာလိမ့်မယ်လို့ တွက်ထားလို့ ကုန်သည်တွေကွင်းဆင်းဝယ်တာကြောင့် ရက်ပိုင်းအတွင်း စပါးတင်း ၁၀၀ ကို ကျပ်ငါးသိန်းထပ်တက်လာပြီး ကျပ် ၁၆ သိန်းအထိ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

“အဓိကတော့ ဆန်ဈေးတက်လာရင် အခြေခံလူတန်းစားတွေ အတော်အခက်အခဲဖြစ်လာမှာ။ ဘာကြောင့် ဆန်တွေ ဒီလိုလှောင်ကြလဲဆိုတာတော့ စဉ်းစားမရတဲ့ ပုစ္ဆာတစ်ခုလိုပဲ၊ အတ္တသမားတွေများတာပေါ့နော်။ အခုနေ လှောင်ထားရင် နောက်လတွေဆို အထွက်နှုန်းနည်းတာနဲ့ ဈေးကတက်ပြီလေ။ အချိန်အတိုင်းတာတစ်ခုအတွင်း မှန်ကန်တဲ့ စပါးဈေး ဆန်ဈေးဖြစ်လာဖို့ ထိန်းညှိဖို့လိုအပ်တယ်။ တစ်ဖက်မှာလည်း သွင်းအားစုကုန်ကျစရိတ်နဲ့ တောင်သူတွေတွက်ခြေမကိုက်တော့ စပါးဈေးတက်က အရင်ထက်တော့ သိသိသာသာတက်မှာပဲ။ စပါးဈေးတက်ရင် ဆန်ဈေးတက်မှာ ဒါကို တာဝန်ရှိသူတွေက ထိန်းညှိအဖြေရှာပေးဖို့လိုတယ်” ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။