ခရမ်းချဥ်စိုက်မယ်ဆို မြေချဥ် သတိထား

မြန်မာနိုင်ငံ ဒေသအသီးသီးမှာ တိုင်ထောင်ခရမ်းချဥ်ကို စိုက်ပျိုးကြတာ တွေ့ရပါတယ်။
မုံရွာ(ခင်မွန်သီး)၊ ကျောက်ပန်းတောင်း( ပုပ္ပားသီး)၊ ရှမ်းတောင်( အင်းသီး) စသဖြင့်
စျေးကွက်ကိုချိန်ဆပြီး စိုက်ချိန် လွှဲစိုက်ကြရပါတယ်။
အင်းသီးပေါ်ချိန် တပြိုင်နက်တည်းပေါ်ရင် စျေးကွက်အေးသွားတတ်ပါတယ်။ ခရမ်းချဥ် စိုက်ပျိုးရေးဟာ
စျေးကွက်လည်းမိ၊ အထွက်လည်းကောင်းရင် စီးပွားရေးတွက်ခြေအကိုက်ဆုံး သီးနှံဆိုရင် မမှားပါဘူး။
အခြားသူများ မစိုက်တဲ့အချိန် ကိုယ်စိုက်ထားမှ စျေးကွက်ကောင်း မိလေ့ရှိပါတယ်။
ဒါပေမဲ့ ရာသီဥတု ဆိုးရွားရင်(ပူလွန်း၊ အေးလွန်း၊မိုးများလွန်း) ရောဂါ မနိုင်မနင်း ဖြစ်တတ်ပြီး ဆုံးရှုံးမှုများတတ်ပါတယ်။
ခရမ်းချဥ်ပင်ရဲ့သဘာဝ
ခရမ်းချဥ်ပင်ဟာ အချဉ်ဓာတ်ကြိုက်တဲ့ သီးနှံဆိုပေမယ့် မြေချဥ်လွန်းတာကိုတော့ မကြိုက်ပါဘူး။
pH-7 အောက် အက်ဆစ်အခြေအနေဖြစ်တဲ့ pH – ၆ မှ ၆.၈ အတွင်းဟာ အဖြစ်ထွန်းနိုင်ဆုံး အခြေအနေဖြစ်ပါတယ်။
အနိမ့်ဆုံး ၅.၅ မှ အမြင့်ဆုံး ၇.၅ အထိ ရှင်သန်ကြီးထွားနိုင်ပါတယ်။
pH- ၄.၅ အောက် အခြေအနေတွင် ခရမ်းချဥ်စိုက်ပါက အပင်တလသားကျော်အထိ မသိသာသော်လည်း ပန်းပွင့်ချိန်
ရောက်လာသည်နှင့် ရောဂါဒဏ်မခံနိုင်တာ တွေ့ရမှာဖြစ်ပါတယ်။
မြေချဥ်ရင်၊ ဘာကြောင့် ရောဂါရစေတာလဲ?
PH-၄.၅ အောက် မြေချဥ်အခြေအနေမှာ မြေတွင်းအာဟာရ စုပ်ယူမှုဖြစ်စဥ်မှာ နိုက်ထြိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယံ
အပါအဝင်၊ ကယ်လစီယံ၊ မဂ္ဂနီစီယံ၊ ဆာလဖာ စတဲ့ သတ္တုဓာတ်တွေ ချို့တဲ့စေပါတယ်။
ခရမ်းချဥ်အတွက် အရေးကြီးတဲ့ အနည်းလိုအာဟာရဖြစ်တဲ့ သံဓာတ်ဆိုရင် pH – 6.5 ကျော်မှ
အပင်ကရရှိနိုင်ပါတယ်။
မြေချဥ်ရင် သံဓာတ်အပါအဝင် အချို့ သောသတ္ထုဓာတ်တွေ အရည်မပျော်နိုင်လို့ အပင်အာဟာရ ချို့တဲ့လာပါတယ်။
အာဟာရမရရင် အားနည်းပြီး ရောဂါဒဏ် မခံနိုင်တော့ပါဘူး။
ခရမ်းချဥ် မစိုက်ခင် မြေကိုပြင်ပါ
ခရမ်းချဥ်ကို စီးပွားဖြစ်စိုက်မယ့် တောင်သူမိတ်ဆွေများအနေနဲ့ မြေကြီးရဲ့ pH ကို အရင်တိုင်းပါ။

  • pH ၄.၅ အောက်ဆိုရင် မစိုက်ပါနဲ့။
  • pH- ၅ နဲ့ ၆ ကြားဆိုရင် မြေပြင်စဥ်မှာ ကယ်လစီယံကာဘွန်နိတ်၊ မဂ္ဂနီစီယံ ကာဘွန်နိတ် ထုံးတမျိုးမျိုးကို
    တဧက ၂၅ ကီလို ၁၀ အိတ်နှုန်းထည့်ပါ။
  • pH ၆ နဲ့ ၆.၅ ကြားဆိုရင် ကယ်လစီယံ ဆာလဖိတ် ကျောက်မှုန့်ကို တဧက ၂၅ ကီလို ၂ အိတ်နှုန်း ထည့်ပါ။
    ဆိုတော့..သီးနှံပင်ကြိုက်နှစ်သက်တဲ့ မြေကြီး pH ကို သိရှိထားပြီး မစိုက်မီကတည်းက စိတ်တိုင်းကျ အချိန်ယူကြိုတင်ပြင်ပြီးမှ
    သီးနှံစိုက်ပျိုးရေး လုပ်ဆောင်သင့်ပါကြောင်း။
    (အစိမ်းရောင်လမ်းမှကူးယူဖော်ပြသည်။)