ရန်ကုန်-မော်လမြိုင်မီးရထားလမ်းတံတားအား အကြမ်းဖက်PDF များက မိုင်းထောင်ဖျက်ဆီး

ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာအနီး ရန်ကုန် – မော်လမြိုင် ရထားလမ်းပိုင်းရှိ ခလွန်ချောင်းကူးသံတံတားမှာ ဇန်နဝါရီ ၂၆ ရက် နံနက် လေး နာရီဝန်းကျင်အခန့်က မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနေ့မနက်စောစော ပေါက်ကွဲသံအကျယ်ကြီးကြားလိုက်ရတယ်။ တော်တော်လေးပြင်းတယ်။ အိမ်ပါတုန်သွားတယ်။ မနက်ကျမှ ခလွန်ချောင်းကူး ရထားသံတံတားပေါ်မှာ ပေါက်ကွဲမှုဖြစ်တာကိုသိရတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါ ခလွန်ချောင်းကူး ရထားသံတံတား မီးခွဲခံရသည့်အတွက် တံတားသံဘောင် နှင့် ရထားသံလမ်း ထိခိုက်ပျက်ဆီးမှုများရှိခဲ့ကြောင်း နှင့် သက်ဆိုင်ရာမှ လာရောက်ပြန်လည်ပြုပြင်နေသည်ကို တွေ့ရကြောင်း ၎င်းဒေသခံက ဆိုသည်။

ခလွန်ချောင်းကူး ရထားသံတံတား မိုင်းခွဲဖျက်ဆီးခံရသော်လည်း မော်လမြိုင်မှ ရန်ကုန်ဘက်သို့ ထွက်ခွာမည့် ရထားခရီးစဉ်များ ပုံမှန်ပြေးဆွဲထွက်ခွာသွားကြောင်း မော်လမြိုင်ဘူတာ ရှိ တာဝန်ရှိသူများထံမှ သိရသည်။

ရန်ကုန် – မော်လမြိုင် ရထားလမ်းပိုင်းရှိ မော်လမြိုင်မြို့နယ် နှင့် ကျိုက်ထိုမြို့နယ်ကြား ရထား နှင့် ရထားလမ်းများ မကြာခဏမိုင်းဆွဲခံရလေ့ရှိပြီး၊ ပြီးခဲ့သည့် ဇန်နဝါရီလ (၁၀) ရက်၊ ည (၇) နာရီအချိန်ခန့်က ပေါင်မြို့နယ် ရွာတန်းရှည်ကျေးရွာအနီး ရန်ကုန် – မော်လမြိုင် ရထားလမ်းတွင် ကုန်တင်ရထား မိုင်းဆွဲခံရသည့်အတွက် ရထားတွဲတချို့လမ်းချော်ကာ ရထားလမ်း (၅) ပေခန့်ပျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့အတူ ပြီးခဲ့သည့် ဇန်နဝါရီလ (၂) ရက် နံနက်ပိုင်းကလည်း သထုံမြို့နယ် ဂေါ့ကျေးရွာ၊ ကွင်းကူးတိုးဂိတ်အနီးတွင် စက်ခေါင်းအမှတ် DF – 2048 နှင့် အတွဲ (၁၇) တွဲပါကုန်တင်ရထားမှာ ရထားမိုင်တိုင်အမှတ် (၁၄၁) အရောက်တွင် ရှော့တိုက်မိုင်း အဆွဲခံခဲ့ရခြင်းဖြစ်ကြောင်း၊ မိုင်းဆွဲခံရသည့်အတွက် (၁၀) တွဲမြောက်၊ (၁၁) တွဲမြောက် နှင့် (၁၇) တွဲမြောက်ရထားတွဲ (၃) တွဲမှာ ရထားလမ်း၏ ဝဲဘက်သို့ လမ်းချော်ကာ (၄) ဖာလုံခန့်အကွာတွင် ရပ်တန့်သွားခဲ့ရကြောင်း နှင့် မိုင်းပေါက်ကွဲမှုကြောင့် ရထားသံလမ်း (၆) ပေခန့် ပြတ်တောက်သွားပြီး ဇလီဖားတုံး (၃) တုံး ပျက်ဆီးသွားကြောင်း သက်ဆိုင်ရာ မြန်မာ့မီးရထားဌာန ထံမှ သိရသည်။

အလားတူ (၂၀၂၂) ခုနှစ် ဒီဇင်ဘာလ (၁၃) ရက် ညပိုင်းကလည်း သထုံမြို့နယ် ကလိကျွန်းကျေးရွာ နှင့် တံတားဦးကျေးရွာကြာတွင်း သထုံဘက်မှ မန္တလေးဘက်သို့ ထွက်ခွာလာသည့် ကုန်တင်ရထားမှာ မိုင်းခွဲခံရသည့်အတွက် ကုန်ရထားတွဲတချို့ နှင့် ရထားလမ်းပိုင်း ပျက်ဆီးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်နှင့် ဆက်စပ်ပြီး ဒီဇင်ဘာလ (၁၄) ရက် ထွက်မည့် ရန်ကုန် – မော်လမြိုင် အစုန်၊ အဆန် ရထားခရီးစဉ်များအား ဖျက်သိမ်းခဲ့ရပြီး၊ ဒီဇင်ဘာလ (၁၅) ရက်မှာ ရထားခရီးစဉ်များ ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် (၂၀၂၁) ခုနှစ် နိုဝင်ဘာလ (၅) ရက် ည (၈) နာရီအချိန်ခန့်ကလည်း ပေါင်မြို့နယ် ဘန့်ဘွေးကုန်းကျေးရွာအုပ်စု၊ မုကျိကျေးရွာ မဟာဗောဓိ ပေါ်တော်မူစေတီတော်အနောက်ဘက်အနီးရှိ ရန်ကုန် – မော်လမြိုင် မီးရထားလမ်း မိုင်တိုင်အမှတ် (၁၆၂/၈) အနီးရှိ တံတားအမှတ် (၁၂၅) မှာ မိုင်းဖောက်ခွဲ ဖျက်ဆီးခံခဲ့ရဖူးပြီး၊ ဇူလိုင်လ (၃၁) ရက်၊ ည (၁၁) နာရီအချိန်ခန့်က မော်လမြိုင် မှ ရန်ကုန် သို့ထွက်ခွာလာသော လူစီးမီးရထားမှာ ဘီးလင်းမြို့နယ် နှင်းပုလဲကျေးရွာအနီး ရထားလမ်းမိုင်းခွဲခံရသည့်အတွက် ရထားလမ်းပျက်ဆီးကာ ရထားတွဲ နှစ်တွဲ လမ်းချော်ခဲ့ကြောင်း သိရသည်။