အရည်သွေးမြင့် ငရုတ်စိုက်ပျိုးနည်း

ငရုတ်စိုက်ပျိုးလိုသူများ ငရုတ်အထွက်တိုးစေရန်အတွက် အပင်မစိုက်ခင် မျိုးရွေးချယ်ကတည်းက ဒေသနှင့် ကိုက်ညီပြီး
အထွက်ကောင်းသောမျိုးများကို ရွေးချယ်စိုက်ပျိုးရမှာဖြစ်ပါတယ်။ ငရုတ်အထွက်တိုးပြီး ဈေးကောင်းရစေရန်အတွက်
ငရုတ်စိုက်ပျိုးရာတွင် စနစ်တကျ လုပ်ဆောင်ချက်များကို ဝေမျှပေးလိုက်ပါတယ်။
(၁) မျိုးရွေးချယ်ခြင်း
ပင်ညှိုးရောဂါ ခံနိုင်ရည်ရှိသော မျိုး၊ လှေးပိုး ကျရောက်မှုဒဏ်ခံနိုင်သော အထွက်ကောင်း စပ်မျိုးများကို ရွေးချယ်စိုက်ပျိုးပါ။
(၂)
မြေယာပြုပြင်ခြင်း
ငရုတ်စိုက်ပျိုးသည့် မြေအား ထယ်ရေး နက်နက်နှင့် ထွန်ရေးညက်ညက် ပြင်ဆင်ပါ။အမှိုက်များကို စင်အောင် ကောက်ပါ။
ရေသွင်းရေထုတ် ကောင်းစေရန် ဘောင်စနစ်ဖြင့် စိုက်ပျိုးသင့်ပါသည်။
မြေကို ညီညာအောင်ပြုပြင်ပါ။
(၃)
ပေါင်းနှိမ်နင်းခြင်း
မစိုက်မီ ဘောင်ပေါ်တွင် တစ်ကြိမ် ပေါင်းသတ်ဆေးဖျန်းပါ။ စိုက်ပြီးပါက တစ်ခါထပ် ဖျန်းပါ။
(၄) ပျိုးထောင်ခြင်း
ပျိုးအိတ်နှင့်လည်းကောင်း၊ ဘောင်စနစ်ဖြင့်လည်းကောင်း ပျိုးထောင်နိုင်ပါတယ်။
ဘောင်ဖြင့် ပျိုးထောင်ပါက ၃ လက်မ ကြောင်းဆွဲ ဘောင်ဖော်ပြီး ဘောင်လုံးပါ။
ဘောင်ပေါ်တွင် စက်ဖွဲပြာနှင့် မြေဆွေးကို မှိုသတ်ဆေး လောင်နှင့် ရောမွှေပြီး မြေကိုညီအောင် ပြုပြင်ပါ။
၄ လက်မ စိုက်ကြောင်းများ ဆွဲ၍ အစေ့များကို ညီညာစွာချပါ။ ပြီးလျှင် မြေဆွေးပါးပါး ဖြူးပေးပါ။
ပျိုးဘောင်ကို ကောက်ရိုးဖြင့် အုပ်ပြီး ရေကို ရွှဲအောင် လောင်းပေးပါ။
ပျိုးအိတ်နှင့် ပျိုးထောင်ပါက နွားချေးဆွေး၊ မြေဆွေး၊ စက်ဖွဲပြာ ရောစပ်ထားသော မြေကို ၂ လက်မ × ၄လက်မ
ထည့်ပြီး ရေလောင်း၍ မြေနှပ်ထားပါ။ မျိုးစေ့ကို အိတ်တွင် အစေ့မြုပ်ရုံသာ ထည့်ပြီး မြေဆွေးဖုံးပေးပါ။
ပျိုးအိတ်များကို မြက်ခြောက်၊ ကောက်ရိုးတို့နှင့် ဖုံးပြီး ရေလောင်းပေးပါ။
ပျိုးဘောင် (သို့) ပျိုးအိတ်များကို နေ့စဉ်မှန်မှန် ရေလောင်းပေးပါ။
(၅)
စိုက်ပျိုးခြင်း
ငရုတ်ပင်ပျိုးသက်(၂၅-၃၀)တွင် ရွှေ့ပြောင်းစိုက်ပါ။
စိုက်ဘောင်ပေါ်တွင် ၂ ပေခြား၊ ဖိုခနောက်ဆိုင် (သို့) ၂ ပေခြား စွယ်စုံစိုက်ပါ။
ပင်ကြား ၃ပေ × တန်းကြား ၃ ပေ စိုက်ပျိုးသင့်ပါတယ်။
စပ်မျိုးငရုတ်ကို စိုက်လျှင် ဝိုင်ခွအောက်ဘက်ရှိ အတက်များနှင့် ခွသီးကို ဖဲ့ပေးရပါမယ်။ ဒါမှသာ အသီးစောပြီး အထွက်ကောင်းနိုင်ပါတယ်။
(၆)
မြေသြဇာ အသုံးပြုခြင်း
မြေခံပြင်ချိန်၊ ပန်းပွင့်ချိန်၊ ခွသီးခူးချိန်၊ အသီးခူးပြီးချိန်တိုင်း လိုအပ်သလို မြေသြဇာကျွေးပါ။
(၇)
ရေသွင်းခြင်း
စိုက်ချိန်တွင် ဘောင်ပြည့် ရေတင်၍ စိုက်ပါ။ (၁၀-၁၅) ရက်ခြားတစ်ကြိမ် ရေသွင်းပေးပါ။
ရာသီပူပြင်းပါက (၅-၇) ရက်ခြား တစ်ကြိမ် ရေသွင်း ပေးပါ။ ရေသွင်းရာတွင် ဘောင်ပြည့်မတင်ဘဲ ရေပါးပါးနှင့်
အကြိမ်များများ တင်ပေးလျှင် ပို၍ကောင်းပါသည်။
(၈)
အပင်ပြုစုခြင်း
အပင်သက်တမ်းတစ်လျှောက် ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။
ရေသွင်းပြီးတိုင်း ပေါင်းပေါက်၊ ဘောင်တင်ပေးပါ။
အပင်ငယ်စဉ်မှ စ၍ ပိုးမွှားရောဂါများကို စဉ်ဆက်မပြတ် ကြည့်ရှု၍ ကြိုတင်ကာကွယ်ပါ။