အစားတစ်လုတ်

   မြင့်ဦးက တပ်ခွဲမှူးအတွက် နေ့လယ်စာပြင်ပေးနေသည်။

   " ဗိုလ်ကြီးစားလို့ရပါပြီခင်ဗျ"

   အစားအသောက် ဆင်းရဲမှန်းသိလို့ တပ်ခွဲမှူးကလည်း ဘာဟင်းလဲ ဆိုတာတောင် မမေးတော့။ ဟင်းခွက်ကိုခပ်မြည်းလိုက်ချိန်..

   " ခါးတယ်ကွ.. ဘာတွေလဲ.. ငါကအခါးမကြိုက်ဘူး"

   တပ်ခွဲမှူးက ဟင်းခွက်ကို ဆက်မနှိုက်တော့ဘဲ အိမ်ကပါလာသည့် ငါးပိကြော်လေး နည်းနည်းနှင့် စတိစားပြီး တင်းတိမ်လိုက်သည် ။ တပ်ခွဲမှူး စားပြီးတော့မှ ခွဲရုံးစစ်သည်များနှင့် ခွဲရုံးတွဲတပ်စိတ်မှ စစ်သည်များ နေ့လယ်စာ စားကြသည်။

   နေ့လယ်စာစားပြီး ခံစစ်လုပ်ငန်းများဖြစ်သည့် ကာကင်းကုန်းရှိ ခြံစည်းရိုးပြင်ခြင်းများ ဆောင်ရွက်ကြသည်။ ညနေ၃နာရီမှာ တန်းဖြုတ်ပြီး ရေချိုးကြသည်။ ဗိုလ်ညီညီလည်း ညနေ၄နာရီလောက် စက်လတ်ကုန်းကို ပြန်ရောက်လာသည်။

   ညစာမစားမီ ညနေစောင်းမှာ တပ်သားမောင်ပု ဗိုလ်ညီညီကို လာသတင်းပို့သည်။

   " ဗိုလ်ကြီး.. တပ်ခွဲရုံးက အဖွဲ့တွေ မူးတယ်ဆိုပြီး အန်နေကြတယ်.. အစာအဆိပ်သင့်ပြီထင်တယ်"

   ဗိုလ်ညီညီ ခွဲမှူးကုန်းသို့ ရောက်သွားစဥ် တပ်ခွဲမှူးလည်း ရှိနေသည်။ တပ်ခွဲရုံးနှင့်တစ် စိတ်လုံး ညစာမစားမီ နေ့လယ်စာက အဆိပ်သင့်တာဖြစ်သည်။ မူးဝေအော့အန်နေသူမျာ ကို ဆေးတပ်သားယုံဝှါက ကာရာမိုက်ဆေးများ လိုက်ထိုးပေးနေသည်။ အဆိပ်ပြေအောင် ဆားရည်ကလည်း တိုက်စရာမရှိ။ ကန်စွန်းရွက်လည်းမရှိ။

   ည၈နာရီလောက်တွင် တပ်သားမြင့်ဦး မူးတယ်မူးတယ်ပြောပြီး မြေပြင်ပေါ်လဲကျသွားသည်။ သွားကြည့်ကြတော့ နှာခေါင်းတွေ၊ နားတွေ၊ ပါးစပ်တွေထဲက အရည်တွေထွက်ပြီး သေဆုံးနေလေပြီ။ အနံ့ဆိုးများလည်းရသည်။  ဖြေဆေးထိုးပေးဖို့ လုပ်ပေးနေသည့် ဆေးတပ်သားယုံဝှါလည်း လဲကျသေဆုံးပြန်သည်။ တဆက်ထဲဆိုသလို ဒုတပ်ကြပ်တိုးမောင် နှင့် ဘီအီးစစ်သည်တို့ မြင့်ဦးပုံစံအတိုင်း သေဆုံးကြပြန်သည်။

   ဖိုးဖိုးဖိုက် ဖိုက်ဖိုက်ဖိုး ဟု အမြဲပြောလေ့ရှိသော ကိုယ်ပိုင်အမှတ် ၄၄၅၅၅၄ ဆက်သွယ် ရေးစစ်သည် ဒုတပ်ကြပ် အောင်ကျော်လည်း အစာအဆိပ်သင့်သည့်အထဲပါသည်။ မူးပြီး အန်နေသည့်ကြားက အစာအဆိပ်သင့်ဖြစ်စဥ်ကို တပ်ရင်းမှူးဆီ ရောက်အောင် ကြေးနန်းပို့ ပေးရှာသည်။

   တပ်ခွဲမှူးလည်း အခြေအနေမှန်ကို တင်ပြနေသည်။ တပ်ခွဲရုံးနှင့်တပ်စိတ်တစ်စိတ်လုံး ဖွဲ့စည်းပုံ ပျက်သွားလေပြီ။ တစ်အိုးထဲစား စစ်သည် ၁၇ဦးအနက် တပ်ခွဲမှူးကလွဲပြီး ချက်ချင်းဆိုသလို ခေါက်ခနဲ ခေါက်ခနဲနှင့် ၄ယောက်သေဆုံးပြီး ၁၂ယောက်မှာ မူးဝေအော့အန်ကာ အဆိပ်ကြောင့် အသားတွေပါ မဲကုန်သည်။ ထူးခြားတာက အန်သည့်သူများ မသေဘဲ  မအန်သူများက ခေါက်ခနဲလဲကျသေဆုံးနေသည်ကို တွေ့နေရသည်။ တပ်ခွဲမှူးလည်း ရှော့ဝင်ကာ စိတ်ထိခိုက်သွားပုံရပြီး အရုပ်ကြိုးပြတ်ဖြစ်နေသည်။

   " ညီလေးဦးစီးပြီး ထုတ်နှုတ်အင်အားနဲ့  လူနာတွေကို ညတွင်းချင်း စတီးကြောစခန်း ကို ပို့ပေးပါကွာ.. သေဆုံးသွားသူတွေကိုလည်း ညီလေးပဲ သင်္ဂြိုလ်ပြီး အမိန့်ပြန်ပေးပါ"

   ရှင်လိုရှင်ငြား လူနာအားလုံးကို ထုတ်နှုတ်အင်အားဖြင့် ထမ်းထုတ်ကြသည်။ လူနာ ထမ်းမှာပင် လူ၃၀လောက် ကုန်နေပြီ။ လုံခြုံရေးကလည်း ထုတ်ရဦးမည်။ လူနာပို့ရန် ဆရာကြီးအေးလှိုင်တို့ စီစဥ်နေစဥ် သေဆုံးသူများကို စခန်းအောက်ခြေမှာ မြှုပ်နှံပြီး ဗိုလ် ညီညီကိုယ်တိုင် အမိန့်ပြန်ပေးသည်။ 

   လူနာများကို ပို့ဆောင်စဥ် စက်လတ်သမား တပ်သားသန်းဝင်း၊ တပ်သားအေးကိုနှင့် တပ်သားစန်းမောင်တို့ ထပ်သေပြန်သည်။ သူတို့ကိုလည်း ကောင်မွန်စွာ မြှုပ်နှံ၍ အမိန့်ပြန် ပေးခဲ့ရသည်။ သေဆုံးသူ ၇ယောက် ရှိသွားပြန်ပြီ။

   စတီးကြောအဖွဲ့များကလည်း လူနာလာကြိုကြသည်။ တပ်ရင်းမှူးလည်း ဆေးအမ်အေ ကြီးနှင့်အတူ ထောဂေါဘက် ထွက်လာပြီး  လူနာများကို ကုသကြသည်။မြစ်ကြီးနားလေ တပ်မှ ရဟတ်ယာဥ် ၂စီးဖြင့် လူနာကြိုရန် စီစဥ်ထားသော်လည်း ညအချိန်ဖြစ်ပြီး ရာသီဥတုက ဆိုးဝါးနေသဖြင့် စတီးကြောသို့ မဆင်းနိုင်ဘဲ နောက်နေ့ ရာသီဥတုကောင်းသည်နှင့်  ချီဗွေသို့ ဆင်းမှာဖြစ်သည်။ 

   လူနာများကို စတီးကြောမှ တစ်ဆင့်  မက်လိမ်ကော့စခန်းသို့ စတီးကြောတပ်စုမှ ဆက်လက်ပို့ဆောင်ကြစဥ် ဆရာကြီးအေးလှိုင်တို့က လူနာထမ်းများနှင့် ဆက်ပါသွားကြသည်။ ထုတ်နှုတ်အင်အား အခက်အခဲဖြစ်လျင် ချီဗွေအထိပင်ပို့ပေးရပေမည်။

   ဗိုလ်ညီညီလည်း ထောဂေါစခန်းကို မောပန်းစွာဖြင့် ပြန်ရောက်လာသည်။ ညစာလည်း မစားနိုင်တော့။ အင်အားကို ပြန်စစ်ကြည့်လိုက်တော့ စက်လတ်ကုန်းတွင် သူနှင့် တပ်သား မောင်ပုတို့ နှစ်ဦးသာကျန်ပြီး ပင်မကုန်းနှင့် ခွဲရုံးကုန်းမှာလည်း ၁၄ယောက်သာကျန်သည်။ ကာကင်းကုန်းကို ဖြုတ်ထားရသည်။

   အဲ့ဒီ့အချိန်မှာများ ဗကပသာ ဒီသတင်းကြားလို့ တုတ်နှင့်တက်ရိုက်ရင်တောင် စခန်း တစ်ခုလုံး ကျသွားနိုင်ကြောင်း တစ်ညလုံး ကင်းစောင့်ရင်း ဗိုလ်ညီညီ တွေးနေမိသည်။ စတီး ကြောမှ ဆက်သွယ်ရေးစစ်သည်တစ်ဦး ဒုတပ်ကြပ်အောင်ကျော်အစား လာနေပေးပြီး ဘက်ထရီလေးများလည်း အားပြည့်နေလို့သာ ဆက်သွယ်မှု မပြတ်သွားတာပဲ ကျေးဇူးတင် နေမိသည်။


မှိုမစားရန်နှင့် မှိုစားလို့ အစာအဆိပ်သင့်ပြီး သေဆုံးလျှင် စစ်မှုထမ်းခြင်းနှင့် အကျုံး မဝင်ကြောင်း တိုင်းစစ်ဌာနချုပ်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်ကို စစ်ဗျူဟာများမှ တစ်ဆင့် တပ်ရင်းစစ်ကြောင်း တပ်ခွဲများအထိ သိရှိပြီးဖြစ်သည်။ အောက်ခြေစစ်သည်များ အထိလည်း လိုက်နာကြသည်။

   လက်ရှိဖြစ်သွားရသော အစာအဆိပ်သင့်ရခြင်းမှာ မှိုစားလို့မဟုတ်။ ကောက်ကောက်ညွန့်၊ တောင်ပို့ညွန့်နှင့် ထောဂေါရွက် သုံးမျိုးကို ငါးသေတ္တာဘူးနှင့်ရော၍ ချက်စားမိခြင်းကြောင့် ဖြစ်သည်။ ထိုအရွက်သုံးမျိုးကို တစ်မျိုးချင်း ချက်စားခဲ့ကြတုန်းကလည်း ဘာမှမဖြစ်ခဲ့။

   တိုင်းစစ်ဌာနချုပ်သို့ ဖြစ်စဥ်အားတင်ပြရာတွင် ဝှက်စာဖေါ်သော ဆက်သွယ်ရေးစစ်သည်က တောင်ပို့ညွန့်နေရာဖော်ရာတွင် gapထိုးပြီး တောင်ပို့မှိုလို့ ရေးသားတင်ပြလိုက်သည်။ တောင်ပို့ညွန့် ဆိုတာကို လူတိုင်းမကြားဖူးဘဲ တောင်ပို့မှိုကိုသာ ကြားဖူးသဖြင့် ရေးလိုက်ခြင်းလည်းဖြစ်မည်။

   သေသူကသေ ဆေးရုံရောက်သူကရောက် ဖြစ်ပြီးသွားသော်လည်း နောက်ဆက်တွဲ ပြဿနာများကို တပ်ရင်းမှူး ဒိုင်ခံဖြေရှင်းနေရသည်။ မှိုမစားပါနှင့်ဟု ညွှန်ကြားထားသည့်ကြားက တောင်ပို့မှိုမှ စားကြလေခြင်းဟု တိုင်းမှူးကြီး၊ ဗျူဟာမှူးနှင့် ဦးစီးအရာရှိများက တပ်ရင်းမှူးကို အပြစ်ဆိုကြသည်။

   တိုင်းနှင့် ချီဗွေဗျူဟာရှိ ဂျီတူးဂျီသရီး ဦးစီးအရာရှိများနှင့် ထောက်လှမ်းရေးအရာရှိ ဗိုလ်သိန်းတိုးတို့လည်း အပြန်အလှန် ဆက်သွယ် ပြောဆိုနေကြသည်။ အဆိပ်သင့် ဖြစ်စဥ် များ၊ လူနာပို့ဆောင်နေမှုများစသည့် တပ်လှုပ်ရှားမှုများကို အချိန်နှင့်တပြေးညီ တင်ပြနေရသည်။ နောက်ဆုံးစက်ပိတ်ချိန်ဖြစ်သည့် ၂၃၅၉နာရီမှာပင် စက်မပိတ်ရဘဲ တောက်လျောက် စက်အသင့်ဖြင့် ဆက်သွယ်ညွှန်ကြားတင်ပြနေကြရသည်။

   တောင်ပို့မှိုမဟုတ် တောင်ပို့ညွန့်သာဖြစ်ကြောင်း၊ တောင်ပို့ညွန့်၊ကောက်ကောက်ညွန့် နှင့် ထောဂေါရွက်တို့ တစ်မျိုးစီကို ချက်စားနေတာ ကြာလှပြီဖြစ်ပြီး တပ်ရင်းမှူးကိုယ်တိုင် စားလို့ အန္တရာယ်လည်းမရှိခဲ့ပါကြောင်း၊  ထိုအရွက်သုံးမျိုးနှင့် ငါးသေတ္တာဘူးကို ရော၍ ချက်စားလို့ အဆိပ်သင့်ခြင်းဖြစ်ပါကြောင်း အကြိမ်ကြိမ်ရှင်းပြနေရသည်။

  နောက်ဆုံးမှာတော့ ကောက်ကောက်ညွန့်၊ တောင်ပို့ညွန့်၊ ထောဂေါရွက် နမူနာနှင့် ငါးသေတ္တာဘူးခွံကို  ဗျူဟာနှင့် တိုင်းသို့ပို့ရသည်။ ကွပ်ကဲမှုအောက်တပ်များ မစားမိအောင် လည်း ဖြစ်စဥ်ကို ဖေါ်ပြပြီး ညွှန်ကြားကြသည်။

   ဆေးရုံကို  ရောက်သွားသော အဆိပ်သင့် စစ်သည်အားလုံး အချိန်မီ ကုသနိုင်လိုက် သည်။ သွေးများ အစားထိုး လဲလှယ်ကြရသည်။ တပ်ရေးဗိုလ်ကြီး ဗိုလ်သောင်းဇော်က လူနာများနှင့် သွေးအမျိုးအစားတူသူ နောက်တန်းရှိ စစ်သည်များကိုစုပြီး မြစ်ကြီးနားစစ် ဆေးရုံကြီးကို ခေါ်လာသည်။ သွေးများလှူဒါန်းပြီး လူနာများလိုအပ်မည့် သွေးများကို အဆက်မပြတ် လှူပေးနေသည်။

    "တောင်ပို့ညွန့်တော့ မဖြစ်နိုင်ဘူး တောင်ပို့မှိုစားလို့ အဆိပ်သင့်ရတာ" ဆိုပြီး တိုင်း စစ်ဌာနချုပ်က အဖြစ်မှန်ပေါ်ပေါက်စေရေးအတွက် စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းကာ စစ်ဆေးပါသည်။ ခုံရုံးအဖွဲ့ဝင်များဟာ မြစ်ကြီးနားစစ်ဆေးရုံတွင် တက်ရောက်ကုသနေ သော အသည်းအသန်ဖြစ်နေသည့်  လူနာတစ်ဦးချင်းထံ သွားရောက်မေးမြန်းကြသည်။ ရဲဘော်များဆီမှ တောင်ပို့မှိုမဟုတ်ဘဲ တောင်ပို့ ညွန့်သာဖြစ်ကြောင်း၊ တောင်ပို့ညွန့်တစ်မျိုး ထဲ စားလို့ဖြစ်တာမဟုတ်ဘဲ ကောက်ကောက်ညွန့် ထောဂေါရွက်တို့ သုံးမျိုးနှင့် ငါးသေတ္တာ လက်ကျန်ကို ရောချက်လို့ ဖြစ်ရကြောင်း အဖြေတူကို ရကြသည်။

   ရှေတန်းကပို့လို့ ရောက်လာတဲ့ တောင်ပို့ညွန့်၊ကောက်ကောက်ညွန့်၊ထောဂေါရွက်နှင့် သံချေးတက်နေသော ငါးသေတ္တာဘူး လက်ကျန်များကို သုတေသန ပြုလုပ်ကြည့်ရာ ပြင်း ထန်သောအဆိပ် ဖြစ်နေသည်ကို တွေ့ရတော့မှ အစာအဆိပ်သင့်သည့်ကိစ္စပြီးဆုံး သွား တော့သည်။

   ဗိုလ်သောင်းဇော်လည်း သေဆုံးသွားသည့် စစ်သည်များ၏ ဇနီးများကို အားပေးနှစ် သိမ့်ခြင်း၊ လိုအပ်သည်များ ကူညီပေးခြင်းတို့ကို တပ်ရင်းမှူးဇနီး အရာရှိ ဆရာကြီးများဇနီး တို့နှင့် ပူးပေါင်းဆောင်ရွက်ပေးသည်။

   ဆေးတပ်သားယုံဝှါ အပ်ထားသော လစာများကိုလည်း ယုံဝှါ၏ မိဘများထံ လွှဲပေး လေသည်။ ဆရာတိုးမောင်ဇနီး မမြမေကတော့ သူတပ်ထဲသွင်းမိလို့ သူ့ယောက်ျားသေရ ကြောင်း ပြောပြောပြီး ငိုနေရှာသည်။

   " ကိုတိုးမောင်ရေ.. ကျုပ်အပြစ်တွေပါတော့.. ရှင့်ကိုတပ်ထဲ မဝင်ခိုင်းမိရင် ရှင်ဒီလို ဖြစ်မှာ မဟုတ်ဘူး... အဟီး..ဟီး"

   " ဒီလိုလည်း မဟုတ်သေးဘူး မမြမေရယ်.. သွားလေသူ စိတ်မဖြောင့်အောင် ငိုမနေပါ နဲ့နော်"

   တပ်ရင်းမှူးဇနီးက မမြမေကို နှစ်သိမ့်စကား ပြောနေသော်လည်း သူကိုယ်တိုင် မငိုမိ အောင် ထိန်းနေရသည်။ မမြမေလည်း အငိုတိတ်သွားပြီး..

   " ကိုတိုးမောင်..ရှင့်သားလေးကို ရှင်ပြုတဲ့အခါ ရောက်ရာဘုံကနေ သာဓုခေါ်ပါနော်.. ရှင်စိတ်ဖြောင့်ဖြောင့်သာ သွားပါတော့"

   တိတ်ဆိတ်ငြိမ်သက်ခြင်းများဖြင့် ပူဆွေးမှုများကို ဟန်ဆောင်ဖုံးထားလိုက်ကြပါတော့ သည်။


ရန်သူ့စခန်းကြီး တစ်ခုကို တပ်ရင်းတစ်ရင်းလုံး ဝင်တိုက်ရင်တောင် စစ်သည်တစ်ဦး နှစ်ဦး ကျဆုံးဖို့ဆိုတာ ဖြစ်ခဲသည်။ အတတ်နိုင်ဆုံး အသက်သေဆုံးမှု မရှိအောင် ဆောင်ရွက် ကြသည်။ ခုဖြစ်စဥ်မှာတော့ အစားတစ်လုတ် အတွက်ကြောင့် စစ်သည် ၇ဦး မျက်စိရှေ့မှာ တင် သေဆုံးကုန်ကြသည်။ ၉ဦးကိုလည်း အသည်းအသန် အသက်ကယ်ခဲ့ကြရသည်။ ဆုံးရှုံး မှုကြီးတစ်ခုလို့ ဆိုရပါမည်။

   သေဆုံးသွားသူများမှာလည်း စစ်ဆင်ရေးတွင် အားကိုးရသော စစ်သည်များဖြစ်လို့ နှ မျောစရာကောင်းလှသည်။ အိမ်ထောင်သည်များဆိုပါက မိသားစုများပါ အားကိုးရာမဲ့ ဘဝ ပျက်ကြရသည်။

   အစားတစ်လုတ်ကြောင့် အဆိပ်သင့်ရခြင်းအပေါ်  ပြန်လည်သုံးသပ်ကြည့်တော့ အချက်အလက်တွေ များစွာထွက်လာလေသည်။

  မြန်မာနိုင်ငံ၏ အစွန်အဖျား ရာသီဥတု ဆိုးဝါးပြီးမြင့်မားသော တောင်တန်းကြီးများရှိ သည့် စစ်ဆင်ရေး နယ်မြေတွင် ရိက္ခာကို လုံလောက်စွာ မပို့ပေးနိုင်ခြင်း၊ စစ်ဆင်ရေးကာလ ၁၀လခန့် ကြာမြင့်ခြင်း၊ သောင်းကျန်းသူ၏ တိုက်ခိုက်ခြင်း မိုင်းထောင်ခြင်း အန္တရယ်များရှိ နေခြင်းတို့ကြောင့် တအားငတ်လာကြချိန် အစားတစ်လုတ်အတွက် နည်းမျိုးစုံ ရှာကြံစား သောက်ကြရာမှ မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြခြင်းဖြစ်သည်။

   အချိန်ကို တွက်ဆစ်လျင် နှစ်၄၀ပင် ကြာသွားလေပြီ။ ဒါပေမဲ့ သူ့ဘဝမှာတော့ မေ့မရ သည့် မှတ်တမ်းတစ်ခုအဖြစ် အမြဲလို မှတ်မိနေသည်။ နှစ်တွေကြာလာလို့ အထက်ကဖြစ် စဥ်မှာ အမည်တွေလွဲကောင်းလွဲနိုင်သလို  လုပ်ဖေါ်ကိုင်ဖက်အချို့၏ စွမ်းဆောင်မှုတွေ မပါသွားခဲ့ရင်လည်း ခွင့်လွှတ်နိုင်ကြမည်လို့ ထင်ပါသည်။ထိုစစ်ဆင်ရေးနယ်မြေတွင် ဘဝ တူ စစ်သည်တွေက ခုချိန်မှာလည်း လှုပ်ရှားသွားလာ စခန်းထိုင်နေကြတုန်းဖြစ်သည်။

   လက်ရှိအ​​ခြေအနေတွင် ရိက္ခာများပြည့်စုံစွာ ဖြည့်တင်းပေးနိုင်သည်ထား၊ ထောဂေါ ရွက်တို့ တောင်ပို့ညွန့်တို့ ကောက်ကောက်ညွန့်တို့ကတော့ အလေ့ကျ ပေါက်နေကြဦးမှာ ဖြစ်သည်။ အချိန်တွေ ကြာမြင့်လာလို့ ထိုအရွက်သုံးမျိုးကိုများ သံချေးတက်နေသော ငါးသေတ္တာနှင့် ရော၍ ချက်စားမိမည် ဆိုရင်ဖြင့် ထောဂေါ စခန်းဘေးတွင် ထာဝရအိပ်စက် နေကြသော ဆရာတိုးမောင်တို့ ၇ယောက်ကလည်း ထပြီး သတိပေးနိုင်မည်မဟုတ်။

   အတိတ်အလွမ်းလည်းပြေရင်း၊ စိတ်အပန်းလည်းဖြေရင်း ၊ဖတ်ရှုမိသူ ဘဝတူများအ တွက်လည်း သင်ခန်းစာတစ်ခုရကြမည်ဆိုရင်ဖြင့် ရေးသားတင်ပြရကျိုးနပ်ပြီး ကျေနပ်ပီတိ တစ်ခုကို ခံစားမိပါကြောင်းဖြင့်