သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။

ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။

သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။

သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ သွားဖုံးက တစ်ရှူးတွေကို ပိုးဝင်ကူးစက်တာပါ။ သွားဖုံးတွေကို အဓိက ပိုးဝင်ကူးစက်စေတဲ့ အကြောင်းအရင်းကတော့ သွားတွေကို သေချာ မတိုက်တာ၊ သွားကြားတွေကြားကို သေချာ သန့်ရှင်းရေး မလုပ်တာတွေကြောင့် သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဖြစ်လာရတာပါ။

သွားကို သေချာ မတိုက်တာ၊ ခံတွင်းသန့်ရှင်းရေးတွေကို သေချာ ဂရုမစိုက်တာက အချိန်ကြာလာတဲ့အခါ သွားချေးတွေ ဖြစ်စေပြီး သွားချေးတွေမှာ ဘက်တီးရီးယားတွေကို ကပ်တွယ်ပြီး သွားချေးကျောက်တွေ ဖြစ်တာပါတယ်။ ဒီလို ဖြစ်ရာကနေ သွားဖုံးတွေကို ထိခိုက်စေပြီး ပါးစပ်ထဲမှာ အနာဖြစ်တာ၊ သွားဖုံးသွေးယိုတာ၊ အစားတစ်ခုခု ဝါးတဲ့အခါ သွားဖုံးတွေ နာကျင်တာမျိုး ခံစားရနိုင်ပါတယ်။ သွားတွေ ကျိုးတာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။

သွားဖုံး နဲ့ ခံတွင်းရောဂါများ ဖြစ်စေရတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ။

ခံတွင်းက ဘက်တီးရီးယားတွေနဲ့ ပြည့်နှက်နေတဲ့ နေရာပါ။ ဘက်တီးရီးယားတွေက ချွဲတွေ အခြား အမှုန်တွေနဲ့အတူ အရောင်အဆင်းမဲ့စွာနဲ့ သွားတွေပေါ်မှာ ကပ်တွယ်နေတတ်ပါတယ်။ ဒီလိုနဲ့ များတာတဲ့အခါ သွားချေးတွေ များလာပြီး သွားတွေ ဝါလာပါတယ်။ ဒီလိုနဲ့ သွားချေးတွေကို သေချာ မဖယ်ရှားမိရာက အချိန်ကြာလာတဲ့အခါ သွားတွေမှာ ကျောက်တွေလိုမျိုး မာခဲခဲတွေအဖြစ် ကပ်တွယ်လာပါတယ်။ ဒီလို ကပ်တွယ်ပြီး သွားဖုံးတွေကို ထိခိုက်စေတာ ခံတွင်းပြဿနာတွေ ခံစားရတာမျိုး ဖြစ်စေပါတယ်။