သံဓာတ်အားဖြည့်သောက်သုံးသင့်သည့် အခြေအနေ

အသက် ၁၉ နှစ်ကနေ အသက် ၅၀ အတွင်းရှိ အမျိုးသမီးတွေ နေ့စဉ်  သံဓာတ်  ၁၈  မီလီဂရမ်လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ရက်ကို ၂၇ မီလီဂရမ်လိုအပ်ပြီး အမျိုးသားတွေက တစ်ရက်ကို  သံဓာတ်  ၈  ဂရမ်လိုအပ်ပါတယ်။  သံဓာတ်က တိရစ္ဆာန်အသားနဲ့ အသည်းကရတာရယ် နောက်ပြီး အပင်ကရတာရယ်ဆိုပြီး နှစ်မျိုးရှိတယ်။ တိရစ္ဆာန်ကရတဲ့သံဓာတ်ကို သွေးထဲအလွယ်တကူ စုပ်ယူနိုင်တယ်။

ခန္ဓာကိုယ်တွင်း သံဓာတ်ချို့တဲ့နေရင်   ခန္ဓာကိုယ်မလှုပ်ချင်လောက်အောင် နွမ်းနယ်နေတတ်ပါတယ်။ သံဓာတ်ချို့တဲ့ရင် ဆဲလ်တွေဆီ အောက်ဆီဂျင်ရောက်ရှိမှုနည်းတာကြောင့် ခန္ဓာကိုယ်တွင်းစနစ်အပေါ် သက်ရောက်မှုဖြစ်စေပါတယ်။ သံဓာတ်ချို့တဲ့ရင် လှုပ်ရှားမှု နှေးတာ၊ အားနည်းတာ၊ အာရုံစူးစိုက်မရတာတွေ ဖြစ်နိုင်ပါတယ်။

သံဓာတ်က ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကောင်းမွန် စေဖို့ လုပ်ဆောင်ပေးတယ်။ ခန္ဓာကိုယ်တွင်းမှာ သံဓာတ် ချို့တဲ့နေရင် မကြာခဏ ပိုးဝင်တာခံစားရနိုင်ပါတယ်။အသားအရေဖြူဖျော့ဖျော့ဖြစ်နေရင် သံဓာတ်ချို့တဲ့လို့ပဲဖြစ်ပါတယ်။ ဟေမိုဂလိုဘင်က အရေပြားကို နှင်းဆီရောင် သန်းနေစေပါတယ်။ သံဓာတ်ချို့တဲ့လို့ ဟေမိုဂလိုဘင်နည်းရင် အသားအရေသာမက မျက်ခမ်းကိုကြည့်ရင် သာမန် လူတွေထက် ဖြူဖျော့နေတတ်ပါတယ်။

သံဓာတ်ချို့တဲ့ပါက လျှာရောင်ခြင်း ဖြစ်နိုင်ပါတယ်။ လျှာရောင်တာ၊ နာကျင်တာတွေခံစားရရင် သံဓာတ်ချို့တဲ့တာရဲ့ လက္ခဏာ တစ်ရပ်ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် နှုတ်ခမ်းထောင့် တစ်ဖက်တစ်ချပ်မှာလည်း နှုတ်ခမ်းကွဲတာ ဖြစ်နိုင်ပါတယ်။

ဆံပင်ကျွတ်ခြင်း

သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါရှိသူတွေဟာ ဆံပင်ကျွတ်တာကြောင့် ဆံပင်ပါးကြပါတယ်။ ဆံပင်ပေါက်တဲ့ ဆံခြည်မျှင်အိတ် တွေက အောက်ဆီဂျင်ကို လုံလောက်စွာမရတာကြောင့် ဆံပင်ကျွတ်စေပါတယ်။ ပုံမှန်ဆိုရင် တစ်ရက်ကို ဆံပင်အပင်ရေ ၁၀၀ လောက် ကျွတ်တတ်ပေမယ့် သံဓာတ်ချို့တဲ့နေသူတွေမှာ ဒီထက်ပိုကျွတ်ပါတယ်။

သံဓာတ်ဖြည့်စွက်ဖို့လိုတဲ့ အခြေအနေသိရှိသင့်ပါတယ်။ သံဓာတ်က သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ် ပါတယ်။ သံဓာတ်က ဟေမိုဂလိုဘင်ရဲ့  အဓိကပါဝင်ပစ္စည်းဖြစ်ပါတယ်။ ဟေမိုဂလိုဘင်က  သွေးနီဥထဲက  ပရိုတင်းဖြစ်ပြီး အဆုတ်က အောက်ဆီဂျင်တွေကို ခန္ဓာကိုယ်တစ်ခု လုံးဆီကို ပို့ပေးပါတယ်။ ခန္ဓာကိုယ်က သံဓာတ်ချို့တဲ့ ရင် အောက်ဆီဂျင်သယ်တဲ့သွေးနီဥတွေ မလုံလောက်  တော့ပါဘူး။

ဒါ့ပြင် ကလေးမွေးဖွားတဲ့ အမျိုးသမီးတွေဆိုရင် သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းရောဂါ ဖြစ်နိုင်ခြေအများဆုံးပါ။ သံဓာတ်ဖြည့်စွက်ဖို့ မဖြစ်မနေလိုအပ်တဲ့ အခြေအနေတွေရှိပါတယ်။

သွေးအားနည်းရောဂါမှာ သံဓာတ်အားဆေးလိုအပ်ပါတယ်။ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းရောဂါရှိသူတွေမှာ သံဓာတ်မလုံ လောက်တာကြောင့် မောပန်းတာ၊ အားနည်းတာ၊ မူးတာနဲ့ အာရုံစူးစိုက်ဖို့ခက်ခဲ တာတွေဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေဟာ ရာသီသွေးဆင်းတာကြောင့် သံဓာတ်ဆုံးရှုံးမှုပိုဖြစ်နိုင်ပါတယ်။ ဒါက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ သံဓာတ်သွေးအား နည်းတာ ပိုဖြစ်ရတဲ့အကြောင်းပဲဖြစ်ပါတယ်။ အာဖရိကလူမျိုး အမျိုးသမီးတွေမှာ သွေးအားနည်းတာ ၁၉ ရာခိုင်နှုန်း ပိုဖြစ်နိုင်ပြီး ဥရောပလူမျိုး အမျိုးသမီးတွေမှာ ၉ ဒသမ ၁၂ ရာခိုင်နှုန်းသာ သွေးအားနည်းရောဂါ  ဖြစ်နိုင်ခြေရှိတယ်လို့  သိရပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ပိုမိုလိုအပ်ပါတယ်။ သန္ဓေသားဘဝမှာ မိခင်ဗိုက်ထဲက သံဓာတ်စုဆောင်း လာပြီး မွေးပြီးခြောက်လ အထိ  အသုံးပြုပါတယ်။

ကလေးငယ်ခြောက်လပြည့်ပြီးတဲ့အချိန်မှာ သံဓာတ်ဖြည့်စွက်ပါဝင်တဲ့ အစားအစာတွေကို ကျွေးသင့်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် အမျိုးသမီး တစ်ယောက်အနေနဲ့ တစ်ရက်ကို သံဓာတ် ၂၇ မီလီဂရမ် ရရှိသင့်ပါတယ်။ သာမန်အချိန်မှာ  အမျိုးသမီးတွေအတွက် တစ်ရက်ကို သံဓာတ် (၁၅-၁၈) မီလီဂရမ်ရရှိသင့်ပါတယ်။

အမျိုးသမီးအားကစားသမား

အမျိုးသမီးအားကစားသမားတွေက သွေးအားနည်း ရောဂါဖြစ်နိုင်ခြေပိုများပါတယ်။ လေ့ကျင့်ခန်းပြုလုပ်နေချိန်မှာ အောက်ဆီဂျင် သယ်ဆောင်တဲ့သွေးနီ ဥတွေ ပိုမိုလိုအပ်တာကြောင့်ဖြစ်ပါတယ်။

ဆေးဝါးသောက်သုံးနေရသူများ

တချို့ဆေးဝါးတွေက သံဓာတ်စုပ်ယူမှုကို တားဆီး တာကြောင့် ခန္ဓာကိုယ်မှာ သံဓာတ်ချို့တဲ့နေတတ်ပါတယ်။ ကွီနိုလုံးအုပ်စု ဝင်ပိုးသတ်ဆေးတွေ၊ တက်ထရာ ဆိုင်ကလင်း၊ အစာအိမ်ဆေး၊ သွေးတိုးရောဂါအတွက် သုံးတဲ့သွေးကျဆေး၊ သွေးတွင်းအဆီ ဓာတ်ကျစေတဲ့ ဆေးစတဲ့ဆေးဝါးတွေက သံဓာတ်စုပ်ယူမှုကို နှောင့် ယှက်တာကြောင့် အဲဒီဆေးတွေသောက်သုံးနေရ သူတွေ အနေနဲ့ သံဓာတ်ချို့တဲ့ သွေးအားနည်းတာခံစားရနိုင်ပါတယ်။

သွေးလှူဒါန်းသူများ

ပုံမှန်လေးလတစ်ကြိမ် သွေးလှူဒါန်းသူတွေ၊ အစာအိမ်နဲ့အူလမ်းကြောင်းမှာ သွေးယိုစိမ့်တဲ့ရောဂါခံစား နေရသူတွေဟာ    သံဓာတ်ချို့တဲ့ နေတတ်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့အညီ  သံဓာတ်အားဆေး သောက်သုံးသင့်ပါတယ်။

တက်ကြွလွန်းသောကလေးငယ်များ

၂၀၁၄ ခုနှစ်မှာ ပြုလုပ်တဲ့လေ့လာမှုအရ အာရုံ စူးစိုက်မှုအားနည်းပြီး တက်ကြွလွန်းသူတွေမှာ သံဓာတ် ချို့တဲ့တာတွေ့ရပါတယ်။  လေ့လာမှုမှာ သံဓာတ်၊ ရယ်ရက်တင်၊ ဗီတာမင်ဒီ၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ် နဲ့ဖော့စဖရပ်တွေရဲ့ပမာဏကို လေ့လာခဲ့တာ ဖြစ်ပြီး တက်ကြွလွန်းသော ကလေးငယ်တွေမှာ သံဓာတ်နဲ့ဖယ်ရက်တင်ချို့တဲ့ နေတာတွေ့ရပါတယ်။

ကျောက်ကပ်ဆေးနေရသူများ

ကျောက်ကပ်ဆေးနေရသူတွေမှာလည်း သံဓာတ်ပိုမိုလိုအပ်ပါတယ်။ ကျောက်ကပ်က သွေးနီဥထုတ်လုပ်ဖို့ လိုအပ်တဲ့ ဟော်မုန်း တစ်မျိုးကို ထုတ်လုပ်ပါတယ်။ ကျောက်ကပ်တွေ ကောင်းကောင်းအလုပ်မလုပ်တဲ့အခါ သွေးအားနည်းတာ မကြာခဏဖြစ် တတ်ပါ တယ်။

သွေးပေါင်ကျဆေး

နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အမျိုးအစား(၂)ဆီးချိုသွေးချိုရောဂါ၊ ကျောက်ကပ်ရောဂါတချို့မှာ အသုံးပြုတဲ့ဆေးရဲ့ ဘေးထွက် ဆိုးကျိုးက ချောင်းဆိုး တတ်ပါတယ်။ လေ့လာမှုအရ ACE inhibitor သောက်ပြီး နှစ်နာရီအတွင်းမှာ  သံဓာတ်ဖြည့်စွက် ဆေးကို  နေ့စဉ်သောက်သုံးပေးရင် ချောင်းဆိုးတာ သက်သာစေတယ်လို့ သိရပါတယ်။ သံဓာတ်က သွေးထဲမှာ နိုက်ထရစ် အက်စစ် ပမာဏကို များစေပြီး အဲဒီ အက်စစ်က ACE inhibitor ကြောင့် ချောင်းဆိုး တာမဖြစ်အောင် တားဆီးပေးပါတယ်။

သွေးအားနည်းတာက   တကယ်တော့  ရောဂါလက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ သူ့နောက်မှာ တခြားအကြောင်းရင်းတွေ အများကြီး ရှိနိုင်ပါတယ်။ ဒါကြောင့် သွေးအားနည်းတာကို ကုသမယ်ဆိုရင် သာမန်သံဓာတ်အားဆေးပဲ သောက်လို့မရပါဘူး။ သွေးအားနည်း တိုင်း  သံဓာတ်ချို့တဲ့လို့တော့မဟုတ်ပါဘူး။ နောက်ခံရောဂါကိုကုသသင့်တယ်။

သွေးအားနည်းစေတဲ့ အကြောင်းရင်းထဲမှာ သွေးထွက်တာ၊ ခန္ဓာကိုယ်သွေးယိုစိမ့်တာ၊ ရာသီသွေးဆင်း များတာ၊ ထိခိုက်ဒဏ်ရာရတာ၊ သွေးနီဥကောင်းကောင်း မထုတ်နိုင်တာ၊ ရိုးတွင်းခြင်ဆီမကောင်းတာ၊ သွေးနီဥ ထုတ်ဖို့ ခုခံအားကမောက်ကမရောဂါတွေက ရောဂါ ကုသမှ သွေးအားနည်းတာကို ပျောက်ကင်းနိုင်တယ်။

သွေးအားနည်းလက္ခဏာတွေက နုံးတာ၊ အားနည်း တာ၊ ဖြူဖျော့တာ၊ ရင်တုန်တာ၊ မောတာ၊ ရင်ဘတ် အောင့်တာ၊ ခြေတွေ၊ လက်တွေ အေးစက်နေတာ၊ ခေါင်းကိုက်တာ၊  ခေါင်းမူးတာ  စတဲ့လက္ခဏာတွေ ဖြစ်ပေါ်စေပါတယ်။

သွေးအားနည်းရောဂါပြင်းထန်ရင် အားနည်းလွန်းလို့ နေ့စဉ် လုပ်ကိုင်နေကျအလုပ်တွေတောင် လုပ်ကိုင်ဖို့ခက်ခဲတာ၊ ကိုယ်ဝန်ဆောင် သူ ညှစ်အားနည်းတယ်လို့ ထင်တဲ့အတွက် ပိုညှစ်ပြီး နှလုံးကြီးလာတာ၊ နှလုံးပျက်စီးတာ၊ နောက်ဆုံးသွေးအားနည်းတာ ပြင်းထန် လွန်းရင် သေဆုံးတဲ့အထိဖြစ်နိုင်လို့ သွေးအားနည်းဖြစ်စေတဲ့ရောဂါကို ဆရာဝန်နဲ့ ပြသပြီး ရောဂါကင်းအောင် ကုသသင့်ပါကြောင်း ရေးသားလိုက်ရပါတယ်။