သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (၂၀၂၃) ကျင်းပပြီးစီး

တပ်မတော်အနေဖြင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာများ အထောက်အကူပြုနိုင်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့် (၂၀၂၃) (Conference on Science and Technology Development – 2023) (CSTD-2023) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၆ ရက်တွင် ကျင်းပပြုလုပ်၍ ယနေ့ ၂၇ ရက်တွင် နောက်ဆုံးနေ့အဖြစ် ပြင်ဦးလွင်တပ်နယ် စစ်တက္ကသိုလ် အဆင့်မြင့်စာပေ ပညာဗဟိုဌာန ငါးထပ်စာသင်ဆောင်ရှိ Multifunction Hall ၌ ဆက်လက်ကျင်းပခဲ့ပါသည်။

ပထမနေ့ အခမ်းအနား၌ ဖိတ်ကြားထားသော နိုင်ငံခြားသားပညာရှင် (Keynote Speaker) စာတမ်းနှစ်စောင်၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနစာတမ်း ၆၃ စောင် စုစုပေါင်း ၆၅ စောင် ဖတ်ကြားခဲ့ပြီး အလားတူ ယနေ့ အောက်တိုဘာ ၂၇ ရက်တွင် ဆက်လက်ပြုလုပ်သည့်အခမ်းအနား၌ ဖိတ်ကြားထားသော နိုင်ငံခြားသားပညာရှင် (Keynote Speaker) စာတမ်းနှစ်စောင်၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနစာတမ်း ၅၆ စောင်၊ စာတမ်းစုစုပေါင်း ၅၈ စောင် ဆက်လက်ဖတ်ကြားခဲ့ပြီး အကောင်းဆုံး စာတမ်းခုနစ်ဆုနှင့် အကောင်းဆုံးပိုစတာ နှစ်ဆု ချီးမြှင့်ခဲ့သည်ဟု သိရသည်။