(၁၆)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ်(ရေ)ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အင်ဒိုနီးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိ

ဩဂုတ် – ၂၅

 

 

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၆)ကြိမ်မြောက် အာဆီယံရေတပ် ဦးစီးချုပ်များအစည်းအဝေး (16th ASEAN Navy Chiefs’ Meeting-16th ANCM) သို့ တက်ရောက်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင် သောကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီး ဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့်အဖွဲ့ဝင်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်(ရေ)ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် (၁၆)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး တက်ရောက်ခြင်းနှင့် အာဆီယံရေတပ်ဦးစီးချုပ်များအား နှစ်နိုင်ငံရေတပ်များတွေ့ဆုံ ခြင်း(Bilateral Call)များ ဆောင်ရွက်ခဲ့သည်။ အစည်းအဝေးသို့ အာဆီယံနိုင်ငံရေတပ် များမှ ရေတပ်ဦးစီးချုပ်များ၊ လာအိုနိုင်ငံမှ ဒုတိယကြည်းတပ်ဦးစီးချုပ်နှင့် တာဝန်ရှိသူ များတက်ရောက်ခဲ့ကြသည်။
ဦးစွာအစည်းအဝေး၏ သဘာပတိဖြစ်သူ အင်ဒိုနီးရှားနိုင်ငံရေတပ်ဦးစီးချုပ် Admiral Yudo Margono က (၁၆) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပေးပြီး အစည်းအဝေးကို ဖွင့်လှစ် ပေးခဲ့သည်။ ယင်းနောက် ယခင်နှစ် (၁၅) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးမှတ်တမ်းအား အတည်ပြုသည်။ ဆက်လက်၍ ANCM အမြဲတမ်းပူးတွဲ အတွင်းဝန်က ဒေသတွင်းပင်လယ်ရေကြောင်းလုံခြုံရေးအခြေအနေများအား အကျဉ်း ချုပ် တင်ပြဆွေးနွေးသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော အာဆီယံရေတပ်ဦးစီးချုပ် များက “The Roles of ASEAN Navies in Addressing Maritime Challenges’’ (ပင်လယ်ရေကြောင်းစိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အာဆီယံရေတပ်များ၏ အခန်း ကဏ္ဍ)ခေါင်းစဉ်အားနိုင်ငံအလိုက်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်က ဒေသတွင်းပင်လယ်ရေကြောင်း စိန်ခေါ်မှုများအား စုပေါင်းဖြေရှင်းခြင်းဖြင့် လုံခြုံစိတ်ချတည်ငြိမ်သော ရေကြောင်း နယ်ပယ်တည်ဆောက်နိုင်မှုများ၊ တပ်မတော်(ရေ)၏ စွမ်းဆောင်ရည်မြှင့်တင်မှုကို လေ့ကျင့်ရေးဖြင့် ဦးတည်ဆောင်ရွက်နေမှုများ၊ အာဆီယံရေတပ်များ ကျင့်သုံးရမည့် Team Work ၏ အရေးပါမှုကိုဆွေးနွေးခဲ့ပြီး အာဆီယံရေတပ်ဦးစီးချုပ်များမှ ရေတပ် များအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားကြရန်နှင့် ပင်လယ်ရေကြောင်း လုံခြုံ ရေးဆိုင်ရာများကို ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ကြရန်တို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် အာဆီယံရေတပ်လေ့ကျင့်ရေးဆိုင်ရာ အတွေ့အကြုံများဖလှယ်ရေး အစီအစဉ်အတွက် ဆွေးနွေးမှုများကို ဆောင်ရွက်ကြပြီး ၂၀၂၃ ခုနှစ်အတွင်း ပြုလုပ် မည့် ရေတပ်ဆိုင်ရာ ပူးပေါင်းလေ့ကျင့်ခန်းများ၊ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေ ကြောင်း ကာကွယ်ရေးပစ္စည်းပြပွဲနှင့် ရေတပ်အချင်းချင်း တွေ့ဆုံဆွေးနွေးရေး အစီ အစဉ်များနှင့် ပတ်သက်၍ ဖိတ်ကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
၎င်းနောက် သဘာပတိ အင်ဒိုနီးရှားရေတပ်ဦးစီးချုပ် မှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့သည်။
အစည်းအဝေးအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ)သည် အင်ဒိုနီးရှားရေတပ် ဦးစီးချုပ်၊ ဗီယက်နမ်ရေတပ်ဦးစီးချုပ်၊ ထိုင်းရေတပ်ဦးစီးချုပ်၊ ကမ္ဘောဒီးယားရေတပ် ဦးစီးချုပ်နှင့် လာအိုကြည်းတပ်ဒုတိယဦးစီးချုပ်တို့ကို သီးခြားစီတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ရေတပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မှုများကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။