စက်တင်ဘာလ ၂ ရက်နေ့မှုခင်းသတင်းများ

စက်တင်ဘာလ ၁ ရက်နေ့ ၌ ကွတ်ခိုင်မြို့နယ် ဇီးဒဘန်ကျေးရွာအတွင်းသို့ KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က လက်နက်ကြီးဖြင့် လာရောက် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာနေသူများ ဖြစ်သည့် ဦးဇော်ဒွဲ(၅၉)နှစ်သေဆုံးပြီး ဒေါ်ခေါန်နန် (၂၉)နှစ်တွင် ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့။

စက်တင်ဘာလ ၁ ရက်နေ့ ၀၈၃၀ နာရီတွင် ပခုက္ကူ – ရေစကြိုသွား ကားလမ်းအတိုင်း ရေစကြိုမြို့မှ ပခုက္ကူမြို့ဘက်သို့ မုံရွာမြို့၊ သလ္လာရပ်ကွက်နေ မြန်မာ့လျံလင်းအောင် ဆောက်လုပ်ရေးကုမ္မဏီနှင့် ရဲရင့်အားမာန် ကုမ္မဏီပိုင်ရှင် အေးအေးအောင် (၄၂)နှစ် မောင်းနှင်လာသော VIGO(အဖြူရောင်) ယာဉ်အား PDF အကြမ်းဖက်အဖွဲ့မှ ကျော်ကြီး(ခ)အေးကျော် ခေါင်းဆောင် အင်အား ၂၀ ဦးခန့်မှ သေနတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အေးအေးအောင်အပါအဝင် ယာဉ်ပေါ်ပါ ဆောက်လုပ်ရေးဝန်ထမ်းဖြစ်သော ဒေါ်ခိုင်မာလင်းနှင့် ကျား ၃ ဦး သေဆုံးခဲ့ကြောင်း၊ အကြမ်းဖက်သူများသည် သေဆုံးသူများ၏ ဖုန်းများ၊ ငွေများအား ယူဆောင်သွားခဲ့ကြောင်းသိရှိရ။

စက်တင်ဘာလ ၁ ရက်နေ့ ၁၄၃၀ နာရီမှ ၁၅၀၅ နာရီထိ စဉ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က Drone ၂ စင်းဖြင့် Drop ဗုံး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ကျေးရွာ အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးကျော်နိုင် (၄၂)နှစ် သေဆုံးပြီး ဒေါ်ထွေးကြည် (၉၀)နှစ်၊ဒေါ်တင်တင်ခိုင် (၄၇)နှစ်၊ လယ်ပြဆရာမ၊ အထကခွဲ (ဟင်္သာဖိုလ်)နှင့် ဇွဲလင်းကျော် (၂၀)နှစ်တို့တွင် ဒဏ်ရာ (မစိုးရိမ်ရ)၊ ဒေါ်သီသီခိုင် (၅၀)နှစ်တွင် ဒဏ်ရာ(စိုးရိမ်ရ) တို့ရရှိခဲ့။

စက်တင်ဘာလ ၁ ရက်နေ့ ၁၁၅၀ နာရီတွင် ဘီးလင်းမြို့နယ်၊ ခဲမောက်ကျေးရွာနေရာမှ အကြမ်းဖက်အဖွဲ့က Drone ၁ စီးဖြင့် ဒေါင်းရပ်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်သို့ ဗုံးသီး ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ဗုံးသီးပေါက်ကွဲမှုကြောင့် ဘားအံမြို့ဘက်မှ ကျိုက်ထိုမြို့ဘက်သို့ ဘေးတွဲဆိုက်ကယ်မောင်းနှင်လာသူ ဦးခိုင်ရွှေ(ခ)ဦးမိုးခိုင် (၅၁)နှစ်၊ ကျိုက်ထိုမြို့နေသူ၊ ဒေါ်မြင့်ဝင်း (၄၆)နှစ်၊ ကျိုက်ထိုမြို့နေသူနှင့် ဦးမြင့်ဇော် (၃၈)နှစ်၊ ကျိုက်ထိုမြို့နယ်နေသူတို့တွင် ဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိခဲ့ကြောင်းသိရှိရ။