ဝဋ်ကြွေးကိုဘာနဲ့ဆပ်ကြမလဲ

ဝဋ်ကြွေး ဆိုတာတွေဟာ
ဓမ္မနှင့် ဆပ်မှသာ ကြေတာပါ။
ဝဋ်ကြွေးပါလာရင်
ဘယ်ဂါထာ ရွတ်ရွတ် မလွတ်ပါဘူး။
ဝဋ်ကြွေး မကုန်သေးသမျှတော့
စိတ်ရှည်၊ သည်းခံကာ
တရားအာရုံနဲ့သာ ဖြေသိမ့်ရင်း
ဝဋ်ကြွေးကို ပေးဆပ်ပါ။
” ဝဋ်ကြွေး ကုန်တဲ့ တစ်နေ့မှာ
ချမ်းသာလာလိမ့်မယ်” ဆိုတာ
အသိ၊ သတိ ကပ်ထားပါ။
” ဝဋ်ကြွေးကံကြမ္မာ မလွတ်သာဘူး “
ဝဋ်ကြွေး ဆိုတာ
ပစ္စည်းနဲ့ ဆပ်လို့ မကြေဘူးလေ။
ဓမ္မနှင့် ဆပ်မှသာ ကြေပါမယ်။
လောဘ, ဒေါသ, မောဟ
မကြီးအောင် နေပါ။
သူတကာ လောဘ ကြီးနေသော်လည်း၊
မိမိက လောဘ မကြီးအောင် နေပေးတတ်ပါလေ။
ထိုကဲ့သို့ နေသောသူသည်
ငတ်မွတ်ခေါင်းပါးသော ဒုဗ္ဘိက္ခန္တရကပ်
ဆိုက်ရောက်နေပါသော်လည်း
မိမိမှာ ထိုဘေးမှ လွတ်မြောက်မည်သာ။
သူတကာ ဒေါသကြီးနေသော်လည်း၊
မိမိက ဒေါသ မကြီးအောင် နေပေးပါ။
ထိုကဲ့သို့ နေသောသူသည်
လက်နက် ဘေးဆိုးကြီး သတ္တန္တရကပ်
ဆိုက်ရောက် နေပါသော်လည်း
မိမိမှာ ထိုဘေးမှ လွတ်မြောက်မည်သာ။
သူတကာ မောဟ ကြီးနေသော်လည်း၊
မိမိက မောဟ မကြီးအောင် နေပေးပါ။
ထိုကဲ့သို့ နေသောသူသည်
ရောဂါကပ်ဘေး ရောဂန္တရကပ်
ဆိုက်ရောက်နေသော်လည်း
မိမိမှာ ထိုဘေးမှ လွတ်မြောက်မည်သာ။
” အငြိမ်းဓါတ်တွေ ကိန်းကြပါစေ။ ” ” ဆင်းရဲစရာ များလေလေ ရင်မော ရလေလေ။ “
” စိတ်ချမ်းသာစရာ ကုသိုလ်စိတ်တွေ များလေလေ
ဒုက္ခ နည်းလေလေ။ “


ဒါကြောင့် လောဘ ဖြစ်မှု၊ ဒေါသ ဖြစ်မှု၊
မောဟ ဖြစ်မှု နည်းလေလေ၊စိတ်ကြည်လင်ပြီး
တရားအသိတွေ တိုးပြီးသာ
ဘာဆင်းရဲမှ မရှိတဲ့
နိဗ္ဗာန်ဓါတ် ကို ခံစား, စံစားကာ
အငြိမ်းဓါတ်ကိန်းပြီး
အပူဓါတ် သိမ်းတော့တာပါပဲ။
ကုသိုလ်တွေ
များများပြုနေသော ပုဂ္ဂိုလ်တို့၏
နှလုံးသားသည်
အမြဲတမ်း ကြည်လင်သောစိတ်
ဖြစ်နေတတ်ကာ ထိုစိတ်၏ စွမ်းအားသည်
မိမိ စိတ်ညွတ်ရာသို့
အားကြီးသော အထောက်အပံ့ကို ရရှိကာ
မဂ်ဖိုလ်နိဗ္ဗာန် ထိ
စိတ်ညွှတ် နိုင်ပါသည်။
မိမိ ပြုလုပ်သော စေတနာသည်
မိမိ ဖြစ်ချင်သော နေရာသို့ ကျေးဇူး ပြုပါမည်။
” မင်းနှစ်ပါး သတိထား။ “
လောကမှာ မျက်နှာမလိုက်တဲ့
မင်းနှစ်ပါးရှိတယ်။ ကံမင်းနှင့် သေမင်း။
ကံမင်းက –
ကိုယ်ဖြင့် ပြုလုပ်မှုတွေ၊
နှုတ်ဖြင့် ပြုလုပ်မှုတွေ၊
စိတ်ဖြင့် ပြုလုပ်မှုတွေဟာ
ကံတရားမို့ သူ့ကို ကံမင်း ပေါ့။
ဒီတရားက
ကောင်းဆိုးနှစ်တန် သူစီမံမှာ
အတိအက်သာ။
နေ့ရောညပါ
အကျိုးပေးရန် ရှိနေပြီးသား
စောင့်နေပြီးသား။
” အခွင့်သာတဲ့ တစ်နေ့
အကျိုးပေးမှာဟေ့ ” လို့
ကြုံးဝါးနေသူက ကံမင်း။ သေမင်းက –
အချိန်, နာရီ, ရက်, လ, နှစ်
စေ့တဲ့ နေ့မှာ
လိုက်ချင်သည် ဖြစ်ဖြစ်၊
မလိုက်ချင်သည် ဖြစ်ဖြစ်
လိုက်ကို လိုက်ရမှာပါ။
အားလုံးသောသူနှင့် ခွဲခွါ သွားကြရမှာပါ။


” အားလုံးနဲ့ လမ်းခွဲတဲ့ တစ်နေ့၊
သေမင်း ခေါ်တဲ့နေ့မှာ
မည်သူမှ တားမရဘဲ
လိုက်သွားရမှာပေါ့။
ဘာပစ္စည်းဥစ္စာ ရာထူးမှ မပါ။
အားလုံး ထားခဲ့ရမှာကို သင် သတိ မမေ့ပါနဲ့။
ကိလေသာ
အဝင်နည်းအောင်နေပါ။ လက်ရှိ ဘဝအချိန်ဓမ္မ စွမ်းအားတို့ဖြင့်
များများ အသုံးပြုထားပါ။
ခန္ဓာက
တစ်ရက်ထက် တစ်ရက်
အို, နာ, သေ သို့
ဦးညွှတ်နေတယ်။
မိမိတို့ရှေ့မှ နေ့မြင်, ညပျောက်
ညမြင်, နေ့ပျောက်နဲ့ ပြနေတယ်။
ခန္ဓာဟာ
အနတ္တ ဆိုတာ သိ‌နေပါစေ။
လူ့သက်တမ်းက
အလွန်တိုတောင်းတဲ့
ခေတ်ကာလမှာ
အကုသိုလ်ဖြစ်မည့် ကာယကံတို့
ဝစီကံတို့ ကို သိမ်းဆည်းပြီး
မနောကံဆိုတဲ့ စိတ်ကလေးကို
သတိပဌာန်တရား
လက်ကိုင်ထားကာ
ပညာဉာဏ်ကလေးနဲ့
စိတ်ကို အဖန်ဖန် စစ်ဆေးနေဖို့ပါပဲ။
ငါ့ရဲ့စိတ်မှာ
ကိလေသာ အညစ်အကြေးတွေ
အဝင်များနေသလား
နည်းလာသလား
ခဏခဏ စစ်ဆေးကြည့်။
အကုသိုလ် ကိလေသာ
အဝင်နည်းလာပြီး
ကုသိုလ်အာရုံက
အားကြီးပြီး အဝင်များနေရင်
ဘဝ သက်တမ်း တိုပေမဲ့
လူဖြစ်ရကျိုးနပ်ပါပြီဟု
သတိပြုတတ်ကြပါစေ။
🙏မြောက်ဦး ဆရာတော်ဘုရားကြီး