မြို့စိုးကထိန်က ပြန်လာတဲ့ သံဃာ ၄ ပါးကို PDF ကမိုင်းခွဲတိုက်ခိုက် ၁ ပါးပျံလွန်တော်မူ

မြို့စိုးရွာကထိန်က ပြန်ကြွလာတဲ့ သံဃာတော် ၄ ပါးကိုလမ်းခုလပ်မှာ PDF တွေက ဗုံးခွဲတိုက်ခိုက် ပစ်ခတ်ခဲ့တာကြောင့် သံဃာ ၃ ပါးထိခိုက်ဒဏ်ရာရရှိကာ ၁ ပါးပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့်မှာ မဟာဝိသုတာရာမတိုက်မှာစာသင်နေတဲ့ မြို့စိုးကျေးရွာကျောင်းတိုက်က စာသင်သားသံဃာ ၄ ပါးဟာ မြို့စိုးကျေးရွာကနေ မဟာဝိသုတာရာမကျောင်းကို အပြန် မြောင်လှရွာနဲ့မြို့စိုးရွာကြားမှာ မိုင်းခွဲပစ်ခတ်တာခံလိုက်ကြရတာဖြစ်ပါတယ်။

ပစ်ခတ်ခံခဲ့ရတဲ့ သံဃာတွေဟာ မြို့စိုးကျောင်းတိုက်က သံဃာတော်စာသင်သားရဟန်းတော်တွေဖြစ်ပြီး မြို့စိုးကျောင်းကထိန်ကနေ စာသင်တိုက်ရှိရာ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် မဟာဝိသုတာရာမစာသင်တိုက်ကို ပြန်အကြွမှာ ခုလို တိုက်ခိုက်ခံခဲ့ကြရတာပါ။

မိုင်းခွဲတိုက်ခိုက်မှုကြောင့် သံဃာတော် ၁ ပါး လက်မှာဒဏ်ရာရပြီး၊ ၁ ပါးပေါင်မှာဒဏ်ရာရခဲ့ကာ ၁ ပါးကတော့ ဦးခေါင်းထိမှန်ကာ ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။

မြို့စိုးကျေးရွာအခြေခံပညာမူလတန်းကျောင်း ဆရာမတွေနေထိုင်တဲ့ အဆောင်ကို လွန်ခဲ့တဲ့၂၀၂၁ ခုနှစ် မေလတုန်းက PDF တွေဝင်ရောက်မီးရှို့သွားတယ်လို့လည်း သိရပါတယ်။