လားရှိုးမြို့ရှိ ကမ္ဘောဇဘဏ်ရှေ့မှာ ကားတစ်စီး အရှိန်လွန်ကာ အမျိုးသမီးနှစ်ဦးကို ဝင်တိုက်ခဲ့

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်ရှိ ကမ္ဘောဇဘဏ်ရှေ့မှာ မော်တော်ကားတစ်စီး အရှိန်လွန်ကာ အမျိုးသမီးနှစ်ဦးကို ဝင်တိုက်မိပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူများရဲ့ ပြောဆိုချက်များအရ သိရပါတယ်။

အဆိုပါဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၃ရက်နေ့ ညနေပိုင်းအချိန်ခန့်က လားရှိုးမြို့၊ မြို့မဈေးအနီးရှိ ကမ္ဘောဇဘဏ်ရှေ့မှာ မော်တော်ကားတစ်စီး အရှိန်လွန်ကာ အမျိုးသမီးနှစ်ဦးကို ဝင်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“ကားက လီဗာနဲ့ ဘရိတ်မှားနင်းမိရာကနေ ဘဏ်ရှေ့က လူတွေကို ဝင်တိုက်မိတာ။ အဲ့ဒီမှာ အမျိုးသမီးနှစ်ဦး တိုက်မိပြီး တစ်ဦးကို ဘီးနဲ့ကြိတ်မိတာပေါ့။ ဆိုင်ကယ်တွေကိုလည်း တိုက်မိတယ်”လို့ မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ဆိုပါတယ်။

ထိုကားတိုက်မှုကြောင့် အမျိုးသမီးနှစ်ဦးအနက် ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် လားရှိုးဆေးရုံသို့ ပို့ဆောင်ခဲ့ကာ အမျိုးသမီးငယ်တစ်ဦးမှာ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။