ရုရှားစစ်တပ်ကို အမြဲတမ်းတပ်ဖွဲ့ဝင် ၁ ဒသမ ၃ သန်းကျော်ရှိတဲ့ စစ်တပ်အဖြစ် တိုးချဲ့

ရုရှားစစ်တပ်ကို အမြဲတမ်းတပ်ဖွဲ့ဝင် ၁ ဒသမ ၃ သန်းရှိတဲ့ စစ်တပ်မျိုးဖြစ်အောင်တိုးချဲ့ ဖွဲ့စည်းသွားဖွယ်ရှိနေ ကြောင်း ရုရှားအခြေစိုက်မီဒီယာတွေက ဖော်ပြထားပါတယ်။

ရုရှားသမ္မတပူတင်ဟာ ရုရှားစစ်တပ်အတွက် နောက်ထပ်တပ်ဖွဲ့ဝင်အရေအတွက် ၁၇ဝဝဝဝ ကျော် ထပ်မံတိုးမြင့် ခေါ်ယူသွားဖို့ ခွင့်ပြုမိန့်ကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။ ရုရှားစစ်တပ်ဟာ ၎င်းတို့ လက်နက်ကိုင်အဖွဲ့ဝင် ၁ ဒသမ ၃ သန်းကျော် အပါအဝင် အမြဲတမ်းတပ်ဖွဲ့ဝင် ၂ ဒသမ၂ သန်းကျော် အထိ တိုးချဲ့ သွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ရုရှားရဲ့ ပြိုင်ဘက်အုပ်စုဖြစ်တဲ့ နေတိုးမဟာမိတ်အဖွဲ့ဟာစစ်ရေးတိုးချဲ့မှုတွေကို လုပ်ဆောင်လာပြီးနောက် ရုရှား ကလည်း တပ်ဖွဲ့ဝင်အရေအတွက်ကို ပိုမိုတိုးချဲ့ဖို့ စီစဉ်လာတာမျိုးဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာ ၂ဝ၂၃ ခုနှစ် နှစ်စကတည်းက ရုရှားစစ်တပ်မှာ ပါဝင်နိုင်ရေး စာချုပ်ချုပ်ဆိုဖို့ စာရင်းပေးထားသူ အနည်းဆုံး ၄ သိန်းခွဲကျော် ရှိနေကြောင်း ရုရှားနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒီမီထရီမက်ဗီဒက်က ပြောပါတယ်။

ရုရှားဟာ ယူကရိန်းနဲ့စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်မှုထမ်းဖို့အတွက် အရန်တပ်ဖွဲ့ဝင်ပေါင်း ၃ သိန်းကျော် ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံဟာ ၂ဝ၂၅ ခုနှစ်က စတင်ပြီး တူရကီနိုင်ငံနဲ့ ဥရောပ တိုက်မှာ နျူကလီးယားဗုံးအလုံးရေ ၂ဝဝ ကျော် ဖြန့်ကြတ်ချထားဖို့ ရည်ရွယ်နေကြောင်း ကြေညာခဲ့ပြီးနောက် ရုရှားဘက်ကလည်း တုံ့ပြန်လာတာဖြစ်ပါတယ်။ ရုရှားအစိုးရဟာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို တပ်ဖွဲ့ဝင်တွေ အရေအတွက်တိုးမြှင့်နိုင်ရေးအတွက် လိုအပ်တာတွေ အမြန်ဆုံးလုပ်ဆောင်ဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။

#NOM