ဂျပန်ငါးဖမ်းလုပ်ငန်းနဲ့ဒေသခံတွေ ဆန္ဒပြမှုဖြစ်ပွား

ဖူကူရှီးမားနျူကလီးယားစက်ရုံဟောင်းမှ ရေဒီယိုသတ္တိကြွရေဆိုးတွေ ပင်လယ်ထဲ ဆက်လက်စွန့်ပစ်မှု ရပ်တန့်ဖို့ ဂျပန်အရှေ့မြောက်ပိုင်းကမ်းရိုးတန်းတလျှောက်ရှိ တံငါသည်တွေ၊ ငါးဖမ်းလုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေက စက်တင်ဘာ ၈ ရက်မှာ ဥပဒေကြောင်းအရ ကန့်ကွက်တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်

ဂျပန်နိုင်ငံဟာ ဖူကူရှီးမားနျူကလီးယား ဓာတ်အားပေးစက်ရုံထွက် စွန့်ပစ်ရေတွေကို ပစိဖိတ်သမုဒ္ဒရာထဲ ဖောက်ချစွန့်ပစ်မှု စတင်ချိန်မှာပဲ တောင်ကိုရီးယားအပါအဝင် ဒေသတွင်းကန့်ကွက်ဆန္ဒပြမှုတွေနဲ့ တရုတ်ဆီကနေ တန်ပြန်တုံ့ပြန်မှုတွေ ထွက်ပေါ် လာပါတယ်။

ဂျပန်နိုင်ငံကနေ ပင်လယ်စာအများဆုံးဝယ်ယူတဲ့ တရုတ်ကတော့ ဂျပန်က တင်ပို့လာတဲ့ ပင်လယ်စာ ထွက်ကုန်တွေအားလုံးကို ပိတ်ပစ်မယ်လို့ ကြာသပတေးနေ့မှာပဲ ပြောလိုက်ပါတယ်။

ဂျပန်ကတော့ ဖောက်ချလိုက်လိုက်တဲ့စွန့်ပစ်ရေတွေဟာ ဘေးကင်းတယ်လို့ ‌ပြောသလို သုတေသီတွေကလည်း ဒါကို သဘောတူထားပါတယ်။ ကုလသမဂ္ဂရဲ့ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီကလည်း ဒီလိုစွန့်ပစ်ရေဖောက်ချတဲ့အစီအစဥ်ကို အတည်ပြုပါတယ်။

အကဲခတ်တွေကတော့ ပိုပြီးလေ့လာသုံးသပ်ပြီးမှ အခုလိုလုပ်သင့်သလို ရေဖောက်ချတာကိုလည်း ရပ်ဆိုင်းသင့်တယ်လို့ ပြောပါတယ်။

နျူကလီးယားဓာတ်အားပေးစက်ရုံမှာ လှောင်ထားတဲ့ ရေတန်ချိန် ၁ သန်းကျော်ကို လာမယ့် နှစ်ပေါင်း ၃၀ အတွင်းအတွင်း ဖောက်ချသွားမှာဖြစ်ပါတယ်။

ဒီလိုရေတွေဖောက်ချမယ်လို့ဆိုပြီး ပြီးခဲ့တဲ့ ၂ နှစ်ကတည်းက သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက် ထင်ထင်ပေါ်ပေါ် ကန့်ကွက်ပြောဆိုတာတွေ လုပ်ထားတဲ့ တရုတ်နိုင်ငံကတော့ ”အခုလို ရေတွေဖောက်ချလိုက်တာဟာ တကယ့်ကို တကိုယ်ကောင်းဆန်ပြီး တာဝန်မဲ့တဲ့လုပ်ရပ်လို့ ပြောသလို ”မကျက်သေးတဲ့အနာတစ်ခုကို အနာဂတ်လူသားမျိုးနွယ် မျိုးဆက်အဆက်ဆက်ကို ဆက်ပြီးလွှဲလိုက်တာ”လို့ ပြောပါတယ်။

၂၀၁၁ ခုနှစ် ဆူနာမီရေလှိုင်းကြောင့် ဖူကူရှီးမား နျူကလီးယားစက်ရုံ ပျက်စီးသွားတဲ့အခါ ဓာတ်အားပေးစက်ရုံပိုင် Tepco ဟာ ဓာတ်အားပေးစက်ရုံရဲ့လောင်စာတောင့်တွေကို အေးအောင်လုပ်ဖို့ ရေတွေကို အသုံးပြုပါတယ်။

ဒါကြောင့် စက်ရုံဟာ ရေဒီယိုသတ္တိကြွပစ္စည်းတွေကို နေ့စဥ် ထုတ်နေပြီး အဲဒီရေတွေကို နေ့စဥ်သန့်စင်ရ၊ ကန်ကြီးတွေထဲ သိုလှောင်နေရပါတယ်။

ရေတွေကို သန့်စင်ပြီးပေမဲ့ အဲဒီရေထဲမှာ ရေကနေ ခွဲထုတ်ဖို့ခက်တဲ့ ထွိုင်တီယံလို ဓာတ်သတ္တိကြွပစ္စည်းတွေ ပါဝင်နှုန်းမြင့်နေပါသေးတယ်။ ဒီအတွက် ဂျပန်ရဲ့ဖြေရှင်းနည်းကတော့ အဲဒီရေတွေကို ပင်လယ်ထဲကို စွန့်ပစ်တာမလုပ်ခင်မှာ ပင်လယ်ရေနဲ့ ဓာတ်ပြယ်သွားအောင် ပြုလုပ်တာဖြစ်ပါတယ်။

ကန်ပေါင်း ၁၀၀၀ ကျော်မှာ ရေတွေပြည့်နေလို့ ဂျပန်ဘက်ကတော့ ဒါဟာ ရေရှည်ဖြေရှင်းနည်းမဟုတ်ဘူးလို့ ပြောထားပါတယ်။ ရေတွေကို သန့်စင်ထားပြီး ဖောက်ချမယ့်ရေတွေဟာ ဓာတ်ပြယ်အောင်လုပ်ထားတဲ့ရေတွေလို့ ပြောပါတယ်။

ဂျပန်အာဏာပိုင်တွေကတော့ သမုဒ္ဒရာထဲက ရေဒီယိုဓာတ်သတ္တိကြွသင့်မှုကို အဆင့်ဆင့်ကို မပြတ်စောင့်ကြည့်နေမှာဖြစ်ပြီး ဒါကိုလည်း ပွင့်ပွင့်လင်းလင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။