ယူနန်တက္ကသိုလ်ထဲက အလှူရှင်မျှော်နေတဲ့ မြန်မာစာအုပ်စင်လေး


တရုတ်နိုင်ငံ၊ ကူမင်းမြို့က ယူနန်တက္ကသိုလ်ကို လေ့လာခွင့်ရတဲ့အချိန်မှာတော့ မြန်မာနိုင်ငံက ကျောင်းသားများအပြင် မြန်မာစာကို စိတ်ဝင်စားစွာ ‌လေ့လာသင်ယူနေသော တရုတ်လူမျိုး ကျောင်းသားတွေကိုပါ တွေ့လိုက်ရတာဟာ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ အလွန်ပင် ဝမ်းသာကြည်နူးခဲ့ရပါတယ်။
ဒါ့အပြင် ယူနန်တက္ကသိုလ်ရဲ့ စာကြည့်တိုက်ထဲမှာ “မြန်မာစာအုပ်များ”ဆိုတဲ့ ဆိုင်းဘုတ်‌နဲ့ စာအုပ်စင်တစ်ခုကို တွေ့လိုက်တဲ့အချိန်မှာတော့ ဝမ်းသာကြည်နူးမှုနဲ့အတူ တဖက်မှာလည်း ဒီစာအုပ်စင်မှာ စာအုပ်လေးတွေ အပြည့်အဝမရှိဘဲ လိုအပ်ချက်လေးတွေ ရှိနေတာကို သတိထားမိခဲ့ပါတယ်။
ယူနန်တက္ကသိုလ်ရဲ့ “မြန်မာစာအုပ်များ” ဆိုတဲ့ စာအုပ်စင်လေးမှာ စာအုပ်တွေနည်းနေရတဲ့ အကြောင်းအရင်းကတော့ ယူနန်တက္ကသိုလ်က ပါမောက္ခတွေ မြန်မာနိုင်ငံကို လာရောက်တဲ့အခါမှာ လက်ဆောင်ရရှိခဲ့တဲ့ စာအုပ်လေးတွေကိုသာ ကျောင်းသား/ကျောင်းသူများ ဖတ်ထားပေးနိုင်ပြီး လိုအပ်တဲ့စာအုပ်တွေ ထပ်မံမရရှိတာနဲ့ လှူဒါန်းသူမရှိတာကြောင့် ဖြစ်တယ်လို သိခဲ့ရပါတယ်။