“မိတ္ထီလာစုဖုရား ၏ ဆောင်ဓားတော်”

ရှေးမြန်မာနန်းတွင်း၌ ဘုရင့်သမီးတော် မင်းသမီးများသည်မိန်းမသားပင်ဖြစ်လင့်ကစား မိမိတို့အပေါ်၌ မတော်မတရား ရန်သတ္တရုပြုလာသည်ရှိက ကာကွယ်နိုင်ရန်အလို့ငှာ နန်းတွင်းမိန်းမစိုးတို့ထံမှ သိုင်းပညာနှင့်တကွ အလုံးစုံသောဓားကွက်ကစားခြင်း တို့ကိုသင်ယူခဲ့ကြရဖူးသည်။

ထိုအထဲ၌ ဆံထိုးပမာပြုလုပ်ထားသည့် သေးငယ်လှသည်ဖြစ်သော ဓားအိမ်နှင့်ဓားကို အသုံးပြု၍ ရန်သူ၏ လည်မျို၊ဝမ်းဗိုက်တို့ကို ဖောက်ခွဲစေပြီး ဇီဝိန်ကြွေစေသည့် ဓားပေါက်ခြင်းအတတ်မှာ အထူးထင်ရှား တွင်ကျယ်ခဲ့သည့်ပညာရပ်ပင် ဖြစ်လေသည်။

ထိုဓလေ့သည် ဘိုးတော်ဗဒုံမင်း လက်ထက်၌ အထူးထင်ရှားခဲ့သည်ဖြစ်သော်လည်း အနုအရွ အလှအပနှင့် ဣန္ဒြေထူးကိုဆောင်ရသည်ဖြစ်သော မင်းတုန်းဘုရင်လက်ထက်တွင်ကား ဤဓလေ့ထူး တိမ်မြုပ်ပျောက်ကွယ်လုနီး ဖြစ်ခဲ့လေသည်။

သို့ရာတွင် ထိုဓလေ့မှာအလုံးစုံတိမ်မြုပ်ပျောက်ကွယ်ခဲ့သည် မဟုတ်ကြောင်း အောက်ဖော်ပြပါ မင်းတုန်းရှင်ဘုရင်၏ သမီးတော်ထွေး မိတ္ထီလာစုဖုရားမင်းသမီးငယ်၏ ဆောင်ဓားတော်မှသက်သေထူနေပါသည်။

(မှတ်ချက်။ ထည့်သွင်းပုံပါဆောင်ဓားတော်၏ ပုံရိပ်နှင့်ပတ်သက်၍ အထူးတလည်ပြသကြည့်ရှုစေသည့် မိတ္ထီလာအနွယ်တော် အန်တီ တော်ထွေးထွေးသိန်း နှင့် အန်တီ တော်တိုးတိုးသိန်းတို့ အား အထူးပင်ကျေးဇူးတင်ရှိပါသည်)

မင်းနန်သူ