မလွမ်းချင်ဘူး ချယ်ရီ

အရပ်ဘက်က. တက္ကသိုလ်
ကြိုဆိုတဲ့ သဘာ၀အလှ
ဖွဲ့ကြတဲ့နေရာ
အင်းလျားကမ်းစပ်နဲ့
ကံကော်တန်းကို လွမ်းကြသလို
သစ်ပုတ်ပင်နဲ့ စိန်ပန်း
အဓိပတိ လမ်းတလျောက်
လွမ်းစရာချည်းပဲပေါ့။

နေကြာရိုင်းတွေခြံရံ
စံမြန်းတဲ့ ချယ်ရီနန်း
လန်းဆန်းတဲ့ စစ်တက္ကသိုလ်မှာ
လာတက်တဲ့ ဗိုလ်လောင်းတစ်ယောက်
ချယ်ရီရေ မလွမ်းလောက်ပါဘူးနော်

ပထမနှစ်ဘ၀
ချယ်ရီရဲ့ အလှအပ၊မခံစားအားခဲ့
နှင်းဝေတဲ့ ဆောင်းမနက်တွေ
ချမ်းရမှာ ခက်နေတယ်

ကြမ်းပြောင်ဖို့ အသည်းအသန်
ဇောချွေး တပြန်ပြန်ကြား
အဆောင်နားက ချယ်ရီတန်း
ယောင်ယမ်းမော့ကြည့်ခွင့်ရခိုက်
ပွင့်ပြလိုက်တဲ့ ချယ်ရီ
အစီအရီတွေ့ပေမယ့်
အမောတော့မပြေခဲ့ဘူး။

ဒုတိယနှစ်ဘ၀
ချယ်ရီတွေ ကြွေကျ
မြေခမှာ ကြောက်နေမိတယ်
မြေပြင်ဧရိယာအသေအချာရှင်းပေမဲ့
သိပ်ခက်တဲ့ချယ်ရီက
နှိပ်စက်ဖို့ ကြွေခဲ့တယ်

ချယ်ရီရဲ့ကောင်းမှုအကြောင်ပြုပြီး
သန်မာမှုတိုး
အဆောင်စစ်နဲ့
အခင်အမင်တွေ အစပျိုးခဲ့ရတယ်

ချွေးစက်တွေစိုရွှဲ
ခိုတွဲတဲ့ပေးဆပ်မှုမှာ
ကောင်းမှုရဲ့သခင်
ချယ်ရီပင်လှမ်းကြည့်ခိုက်
အလိုက်မသိတဲ့ချယ်ရီက
နုံးနေတဲ့လူကို ပြုံးလှောင်
ဟင်း….မုန်းအောင်လုပ်လိုက်တာလားကွယ်။

ဒုမှူးကြီးသန့်ဇင်ထွန်း