မန္တလေးမြို့အနီး ဧရာဝတီလင်းပိုင် ၁၉ ကောင် ပြောင်းရွှေ့နေထိုင်ကျက်စားနေ

ဧရာဝတီ မြစ်ရေကျနေတဲ့ကာလမှာ ဧရာဝတီလင်းပိုင် ၁၉ကောင်ဟာ ၎င်းတို့ အန္တရာယ်မကျနိုင်တဲ့ နေရာတွေကို ရွေးချယ်ပြီး မန္တလေးမြို့အနီး ပြောင်းရွှေ့နေထိုင်ကျက်စားနေတယ်လို့ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရပါတယ်။

“အခုက ဧရာဝတီမြစ်ရေကျနေတော့ လင်းပိုင်ထိန်းသိမ်းရေးဧရိယာထဲ ဧပြီ ၁ရက်က အခြေအနေသွားကြည့်ဖြစ်တယ်။ အခု မန္တလေးမြို့အနီးမှာ ဧရာဝတီလင်းပိုင် ၁၉ ကောင်လောက် အုပ်စုလိုက် ပြောင်းရွှေ့နေထိုင်ကျက်စားနေတာတွေ့ရတယ်။ လင်းပိုင် ကြည့်လိုတဲ့သူတွေ မန္တလေး အနီးတစ်ဝိုက်မှာ တွေ့နိုင်ပါတယ်” ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဧရာဝတီလင်းပိုင်တွေဟာ ပြီးခဲ့တဲ့ မတ်လက ဝက်လက်မြို့နယ် အင်ဒေါင်းကျေးရွာအနီး အုပ်စုနေထိုင် ကျက်စားခဲ့တာဖြစ်ပါတယ်။

လက်ရှိ ဧရာဝတီမြစ်ရေနည်းချိန်ကာလဖြစ်တဲ့အတွက် ဧပြီလ ၁ရက်ကစပြီး အစာပေါများတဲ့ မန္တလေးမြို့အနီး အုပ်စုလိုက်ပြောင်းရွှေ့နေထိုင် ကျက်စားနေတာဖြစ်တယ်လို့ သိရပါတယ်။