ပြည်မြို့ ရွှေဆံတော်စေတီတော်မှာ အရုဏ်ညံရိုးမီးပူဇော်ပွဲကျင်းပမည်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ရွှေဆံတော်စေတီတော်မှာ ဒေသတွင်းရိုးရာအစဉ်အလာ အရုဏ်ညံရိုးမီးပူဇော်ပွဲနဲ့ ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီပထမပတ်အတွင်း ကျင်းပသွားမယ်လို့ ရွှေဆံတော်ဂေါပကအဖွဲ့မှ သိရပါတယ်။

ရွှေဆံတော်စေတီတော်မှာ အရုဏ်ညံရိုးမီးပူဇော်ပွဲကို ၉၉ ကြိမ်မြောက်အဖြစ် ကျင်းပတာဖြစ်ပြီး ဖေဖော်ဝါရီ ၄ ရက် နံနက်အရုဏ်တက်ချိန်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ညံရိုးမီးပူဇော်ရာမှာ နံသာချောင်းတွေအပါအဝင် ညံရိုးချောင်းတွေကို ယာယီအုတ်ကန်အတွင်း မီးအဖြစ်ပြုလုပ်ပြီး ဗုဒ္ဓမြတ်စွာဘုရားကို ညံရိုးမီး အနွေးဓာတ်နဲ့ မီးပူဇော်တဲ့ဓလေ့ဖြစ်သလို အဲ့ဒီလို ပူဇော်တဲ့အတွက် ဉာဏ်ပညာထက်မြက်စေတယ်လို့ ယုံကြည်ကြကြောင်း ဒေသခံတွေက ဆိုပါတယ်။

ညံရိုးမီးပူဇော်ပွဲကို မြန်မာနိုင်ငံမှာ ပြည်မြို့တစ်မြို့ထဲမှာသာ နှစ်စဉ် တပို့တွဲလာပြည့်နေ့ နံနက်တိုင်း အစဉ်အလာမပြတ် ပြုလုပ်ခဲ့တဲ့ ထူးခြားတဲ့ ဓလေ့ဖြစ်ပြီး ယခုကျင်းပမယ့်မီးပူဇော်ပွဲကို တောင်ဘက်စောင်းတန်းထိပ်၊ ရတနာပုံထီးဘုရားအနီး နံနက် ၄နာရီက စတင်ပြုလုပ်မယ်လို့ သိရပါတယ်။