ပြည်ကြီးတံခွန်မြို့နယ်တွင် ကဖင်း ၅ တန် ဖမ်းဆီးရမိခဲ့

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၂ ဘီလီယံတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ ၅၂ လမ်း၊ ၁၃၉ လမ်းထောင့်ရှိ ကျော်စိုး(ခ)အားလျံ ငှားရမ်းထားသည့်ဂိုဒေါင်အား သတင်းအရတာဝန်ရှိသူများက ရှာဖွေရာဂိုဒေါင်အတွင်းမှ တရားမဝင် သိုလှောင်ထားသော ဆာလာအိတ် ၂၀၀ ဖြင့်ထည့်ထားသည့် ဒေသကာလတန်ဖိုးငွေကျပ် ၂ ဘီလီယံ တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ တန် သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ ကဖင်းများအား မန္တလေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ် (မြောက်ပိုင်း) သို သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲမှ သတင်းရရှိသည်။