ပင်လယ်စာတွေ ညှီနံ့မနံဘဲ အရသာရှိဖို့ ဒီလို ချက်ကြမယ်

မြန်မာလူမျိုးတွေက အညှီကြောက်တဲ့ လူမျိုးဆိုတော့ ပင်လယ်စာချက်တဲ့နေ့ဆိုရင် ညှီနံ့လည်းပျောက် မွှေးကြိုင်အောင် စားချင်အောင်လည်း ချက်ရတယ်။ ဒါကြောင့် ကျွန်မတို့အိမ်ရှင်မတွေ ပင်လယ်စာတွေ အညှီနံ့ပျောက်အောင် ဘယ်လိုချက်ပြုတ်ရမလဲဆိုတဲ့ နည်းလမ်းတိုလေးတွေကို အိမ်ရှင်မတွေအတွက် ပြန်လည်ကူးယူ မျှဝေပေးလိုက်ရပါတယ်။

အသုံးများဆုံး အညှီနံ့ပျောက်အောင် ဆေးကြောနည်းတွေကတော့…

(၁) မန်ကျည်းမှည့်ကို ရေဖျော်၊ နာရီဝက်ခန့်စိမ်ထားပြီး ငါးတွေကို ပွတ်ဆေးပါ။ ပဲမှုန့်အကျက်မှုန့်နဲ့ ထပ်နယ်ဆေးပေးပါ။
(၂) သံပုရာသီး၊ ပအုံးရည်၊ ရှာလကာရည်နဲ့ ၅မိနစ်စိမ်ပြီးမှ ရေဆေးပြီးချက်ရင်လည်း အညှီပျောက် စေပါတယ်။
(၃) နောက်တစ်နည်းက ငါးကို ရေမြုပ်ရုံထည့် ရှာလကာရည်ကို ဟင်းစားတစ်ဇွန်းထည့်၊ ရေနွေး နည်းနည်းလောင်းပြီး လှုပ်ပေးရုံနဲ့ ငါးအရေခွံအပေါ်က အညှီများထွက်လာရင် ရေနဲ့ထပ်ဆေးပေးပါ။ ငါးခူ ငါးကျည်းတို့လို ငါးတွေပါ ညှီနံ့ပျောက်ပါတယ်။
(၄) ညှီနံ့ပြင်းတဲ့ ငါးတွေကို သံပုရာသီး ဆားနဲ့ အချွဲတွေစင်အောင်ဆေး၊ ပြီးရင် ရှောက်ရည်၊ ငံပြာရည်၊ ချင်း၊ နနွင်း နဲ့ ကြာကြာလေး နှပ်ထားပြီးမှ ချက်ပါ။
(၅) ပင်လယ်စာတွေကို ပြာနဲ့ဆေး၊ ပဲမှုန့်အကျက်မှုန့်နဲ့ နယ်ပြီးမှ ဆန်ဆေးရေ နဲ့ ၂ခါလောက် ထပ်ဆေးပါ။
(၆) ပြည်ကြီးငါးတွေကို အရေခွံချွတ်ပြီး ရေသေချာဆေး၊ သံပုရာသီးညှစ်ထည့်ပြီးခဏနှပ်ထား၊ ပြီးရင် ရေတစ်ထပ် ထပ်ဆေးပြီး ကြိုက်သလို စားလို့ရပါပြီ။
(၇) ပြည်ကြီးငါး၊ ကင်းမွန်တို့ကို ရေသေချာဆေးပြီးတာနဲ့ ချင်းကို ထောင်းထားတဲ့အရည်နဲ့ နယ်ပါ။ ပြီးမှ ရေနွေးပွက်ပွက်ဆူထဲကို ချင်းအနေတော်၊ ရှာလကာရည် နည်းနည်းထည့်ပြီး ခဏ ပြုတ်လိုက်ရုံနဲ့ ညှီနံ့ ကင်းပါပြီ။

ချက်ပြုတ်တဲ့ အခါမှာတော့ မန်ကျည်းမှည့်ရည်၊ ရှမ်းနံနံ၊ တရုတ်နံနံ၊ မဆလာ၊ ပျဉ်းတော်သိမ်၊ ရှောက်ရွက်၊ ပင်စိမ်းနှင့် နံနံပင်တို့ကို ဟင်းကျက်ခါနီး အုပ်ချက်တာဖြစ်ဖြစ် ၊အသုပ်ထဲထည့်သုံးတာဖြစ်ဖြစ် သုံးပေးရပါ တယ်။ အပေါ်မှာပြောပြထားတဲ့ နည်းလမ်းတွေကို လက်တွေ့အသုံးချကြည့်လိုက်ကြပါဦးနော် အိမ်ထောင်ရှင်မတို့…

Crd